Thursday, July 31, 2008

ကြွေလွှင့်သွားခဲ့တဲ့ ကျနော့်ရဲ့ . . .

မေ့ပျောက်လို့ မရနိုင်သေးတဲ့
အတိတ်တစ်ခုကို
ပြန်ပြောင်းစဉ်းစားရင်းနဲ့
အချိန်တွေ ကုန်လွန်ခဲ့တာ
ကြာရောပေါ့ . . . ။

စိန်ပန်းတွေပွင့်တဲ့ ကျောင်းတော်ကြီးရဲ့
တစ်နေရာမှာ
သူမကိုကျနော် ... စတွေ့ခဲ့တာ
ဒါပေမယ့်
သူမက ကျနော့်ကို တွေ့ခဲ့တာ
ဟိုးအရင်ကတည်းကပေါ့ ... ။

<ကန်သင်း>ဆိုတာ
ကျနော်တို့ကျောင်းသားတွေ
ခဏတာတွေ့ဆုံရာပေါ့
ခဏခဏမျက်လုံးချင်းဆုံမိပေမယ့်
ကျနော့်ရဲ့ညံ့ဖျင်းမှုကြောင့်
မျက်လုံးရဲ့ဘာသာစကားကို
ဘာသာမပြန်တတ်ခဲ့ဘူး . . .။

သူမရဲ့ အပြုံးတွေကို
ကျနော်တစ်ယောက်တည်း
စွဲလမ်းနေမိတယ်
တိတ်တဆိတ်နဲ့ပေါ့
ဒါပေမယ့်
တိတ်တဆိတ်စွဲလမ်းနေတာကို
သူမ ဘယ်လိုလုပ်သိသွားတာပါလိမ့် . . .။

သူမရဲ့အပြုံးလေးကို
ရွှေချသိမ်းထားဖို့ ဆိုတဲ့
ကဗျာလေးနဲ့ တင်စားခဲ့ဖူးတယ်
ကျောင်းကထုတ်တဲ့ ကဗျာတွေထဲမှာ
နာမည်ကြီး ကဗျာတစ်ပုဒ်ပေါ့ lol . . .။

ကျနော့်ရဲ့ အူတူတူ အတတ
အမူအရာတွေက
သူမကို စွဲလမ်းစေခဲ့ကြောင်း
နောက်မှ ကျနော်သိခဲ့ရတယ်
ဘယ်လိုကောင်မလေးပါလဲနော်
အူတူတူ အတတလေးကိုမှ
သဘောကျတယ်တဲ့လေ . . .။

လမင်းကြီးကတော့ ငါးကြိမ်မြောက်
သာယာသွားခဲ့ပြီး ...
ကျနော့်ရဲ့ ပုံမှန်ချီတက်မှုကို
အမြင်မတော်တဲ့ သူတစ်စုက
ကျနော့်ကို
အနောက်ကနေတွန်းလိုက်တာ
စဉ်းစားအုံးမယ်တဲ့
မှတ်တ်ရရ အဲဒီနေ့က သောကြာနေ့လေ . . .။

ကျနော့်အတွက်တော့
ပုံမှန် ရွေ့လျားနေတဲ့ နေမင်းကြီးကို
နှေးကွေးတယ်လို့ ထင်နေမိတယ်
သောကြာနေ့ လေးကြိမ်မြောက်မှာတော့
ကျနော့်ရဲ့ ကမ္ဘာမှာပန်းတွေ
ရောင်စုံပွင့်လို့ပေါ့ . . .။

သူမက ဆံပင်အရှည်စထားလာတယ်
ကျောင်းလာတိုင်း သနပ်ခါးလိမ်းလာတတ်တယ်
ပြောင်းလဲလာတယ်ပေါ့ (ဘာဖြစ်လို့လဲ)
ကျနော်က အဲဒါတွေကို
သဘောကျလို့တဲ့လေ . . .။

အင်း . . . လိုချင်တာကို
ရတဲ့အခါမှာ အတိုင်းမသိ
ပျော်ရွှင်တတ်တာ သဘာဝပဲမလား
ကျနော့်ရဲ့ ပျော်ရွှင်မှုကတော့
အတိုင်းထက်အလွန်ပေါ့လေ . . .။

အဲလိုနဲ့ ကမ္ဘာကနေမင်းကြီးကို
ပတ်တာ တစ်ပတ်ပြည့်သွားလို့
ကျနော်အပါအ၀င်ပေါ့
ပျော်ရွှင်နေကြတယ်လေ
ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ဖို့
နီးလာတဲ့အကြောင်း
အဲဒီတုန်းက ကျနော်မသိခဲ့ဘူး . . .။

တစ်လတစ်ခါ မုန့်ဖိုးယူတတ်တဲ့
ကျနော့်ရဲ့ ခြောက်ကြိမ်မြောက်
မုန့်ဖိုးယူတဲ့အချိန်မှာ
သူမက ကျောင်းမတက်တော့ဘူး
နေမကောင်းလို့တဲ့ . . .။

ပျော်ရွှင်မှုတွေက အဝေးကို
ထွက်သွားကြပြီး
သူမကတော့ အိပ်ယာပေါ်မှာ
လဲလျောင်းလျှက်ပေါ့
ဘယ်အချိန်ထိ လဲလျောင်းနေအုံးမှာလဲ
ကောင်မလေးရေ . . .။

ကျနော့်ရဲ့နှလုံးသွေးဟာ
သူမရဲ့ ဝေဒနာအတွက်
ဆေးတစ်ခွက်ဆိုရင်
ကျနော် ပေးလိုက်ချင်ပါတယ်
သူမကို ဝေဒနာတွေနဲ့
နှစ်ပါးမသွားစေချင်တော့ဘူး . . .။

သေချာပါတယ် . . .
ဝေဒနာဆိုးကြီးက
သူမကို ကောင်းင်းနှိပ်စက်တဲ့
နိဂုံးချုပ်မှာတော့
ကျနော် အပါအ၀င်
သူမနဲ့ ပက်သက်တဲ့ လူအားလုံးကို
အပြီးတိုင် နှုတ်ဆက်ကျောခိုင်းသွားခဲ့တယ် . . .။

တမလွန် ဘ၀မှာ
ပျော်ရွှင်ပါစေ ချစ်ဦးသူရေ . . .။

7 ယောက်ကဒီလိုမြင်ပါတယ်:

မင်းကျန်စစ်။ said...

ငယ်ဘဝလေးကို ဖတ်ရင်း ပျော်လာပီးမှာ စိတ်မကောင်းဖြစ်ရတယ်ဗျာ။ သိပ်ကောင်းတဲ့ ကဗျာရှည်လေးပဲ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အကိုရေ ကစားတဲ့ ပါမောက်ခ စာအုပ်ထဲက ရစ်ချက်ဖိုင်းမန်း ထင်ပါရဲ့ကို သွား သတိရမိသေးတယ်အကို။ သူလည်း အဲလိုပဲ ငယ်ချစ်ဦးက ရောဂါသည်လေးလေ။
ပျော်ရွှင်ပါစေ အကို ။

khin oo may said...
This comment has been removed by the author.
khin oo may said...

စိတ်မကောင်းပါဘူး။

myatnoe said...

ဟယ်...
သနားပါတယ်..
ဘာရောဂါနဲ့လဲ...
ငယ်ငယ်လေးတွေ သေရင် အရမ်းစိတ်မကောင်းဖြစ်တယ်။
ဒါဆို ကိုမော်စီက နှလုံးသားပါတခါတည်း တံခါးပိတ်လိုက်တာပေါ့နော်

မျိုးဝင်းဇော် said...

ကဗျာဆိုသေးငယ်ပြီးကျစ်လစ်တယ် ဖော်ပြချင်တာကို ထင်းကနဲနေအောင် ဖော်ပြလို့ရတယ် တခါတလေ နမိတ်ပုံတွေသုံးပြီးပြောချင်ကို တင်စားသေးတယ် ဒါပေမယ့် ကိုမော်စီရဲ့ ကြွေလွှင့်သွားခဲ့တဲ့ ကျနော့်ရဲ့ . . . ကို ၀တ္ထုအဖြစ်ပြောင်းရေးရင် ဖတ်ချင်ပါတယ်

99 said...

ကောင်းတယ်ဗျာ .. ရင်ထဲ နင့်ကနဲ့ပဲ ..
ခံစားချက် အစုံကိုပေးတယ် ..
ကျောင်းတော်ကြီးကို ပြန်လွမ်းတယ် ..

Post a Comment