Sunday, April 20, 2008

အတိတ်က အကြောင်းလေးတစ်ခု

အချိန်တွေကြာညောင်းလာတော့ မမေ့နိုင်သေးတဲ့အတိတ်ကဖြစ်ကြောင်းလေးတွေကို သတိရမိပါတယ်။ အတိတ်ဆိုတာ ကျော်လွန်သွားခဲ့ပေမယ့် မေ့မရတဲ့အရာတွေကတော့ ကျန်ရစ်နေခဲ့ပါတယ်။ တစ်ချို့တွေကို မေ့ကောင်းမေ့နိုင်ကြပေမယ့် မေ့လို့မရတဲ့ အကြောင်းလေးတွေကိုတော့ တိုက်ဆိုင်တိုင်း သတိရတတ်ကြပါတယ်လေ။ ကျနော်ရဲ့ အတိတ်ကကြောင်းလေးတစ်ခုကို ဖော်ပြခြင်ပါတယ်။

ကျနော်ဆယ်တန်းကို အ.ထ.က (၆) မော်လမြိုင်မှာအောင်မြင်ခဲ့တာပါ။ ၉တန်းအထိကို မုဒုံ အ.ထ.က (၁) မှာနေခဲ့ပါတယ်။ မုဒုံမြို့ အ.ထ.က (၁) ကျောင်းက မွန်ပြည်နယ်မှာ နာမည်ကြီးကျောင်းတစ်ကျောင်းပေါ့။ ဒါပေမယ့် ဆယ်တန်းရောက်တော့ ကျနော်မော်လမြိုင်ကိုပြောင်းခဲ့တယ်။ မုဒုံမြို့မှာ နာမည်ကြီးတဲ့ဆယ်တန်းအဆောင်တွေ အများကြီးပါ။ အဆောင်တွေက ကောင်းလည်းတစ်ကယ် ကောင်းပါတယ်။ ဒါပေမယ့် ကျနော် မော်လမြိုင် တောင်ဝိုင်းနားက ဆယ်တန်းအဆောင်မှာ လာနေခဲ့ တယ်လေ။ အဲလိုပဲ ကျနော်ဆယ်တန်းကို မော်လမြိုင်အမှတ် (၆) ကျောင်းမှာတက်ခဲ့ပါတယ်။ အဲ အမှတ် (၆) ကျောင်းဆိုတာ ဟို ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်နေခဲ့ဖူးတဲ့ ကျောင်းဆိုပဲဗျ။ ကျနော်လည်းအသေအချာတော့မသိပါဘူး။ စာကြည့်တိုက်မှာဓါတ်ပုံတွေကိုတော့တွေ့တယ်ဗျ။

အဲလိုနဲ့ ကျနော် အမှတ်(၆)ကျောင်းမှာ ဧည့်သည်တစ်ယောက်အနေနဲ့ ကျင်လည်ခဲ့ပါတယ်။ ကျနော်က ကျောင်းသားသစ်ကိုဗျနော်။ အမှတ်(၆)က ကျောင်းသူတွေလည်း ချောသားဗျ။ ဒါပေမယ့် ကျနော်တို့ မုဒုံ အမှတ်(၁)က ကျောင်းသူတွေကို မမှီပါဘူးဗျာ။ အဲ ကျောင်းသူတွေချောတာ ကျနော်နဲ့မဆိုင်ပါဘူး ကျနော်က ကျောင်းစာကိုပဲစိတ်ဝင်စားတာလေ ဟဲဟဲ။

ကျနော်တို့ဆယ်တန်းအဆောင်က မော်လမြိုင်တက္ကသိုလ်နားမှာရှိနေတာဗျ ကျနော်တို့ အဆောင်နားမှာလည်း တက္ကသိုလ်အဆောင်တွေရှိတယ်လေ။ အဲကျနော်က ဆယ်တန်းကတည်းက တက္ကသိုလ်ကိုရင်းနှီးနေခဲ့တာပေါ့။ တက္ကသိုလ်ကျောင်းသူတွေကိုလည်း ငမ်းရ အဲ ဟုတ်ပါဘူး တွေ့နေရတာပေါ့ဗျာ။ ကျနော်တို့ အဆောင်က ၅နာရီခွဲလောက်ဆို အပြင်ခဏပေးထွက်တယ် အဲဒီအချိန်ဆို တက္ကသိုလ်က မမ ကိုကို တွေကလည်း ထမင်းထွက်စားတာတို့ အပြင်ထွက်ပြီး ဆိုင်ထိုင်တာတို့နဲ့စည်နေတာပေါ့ဗျာ။

ကျနော်တို့အဆောင်က စည်းကမ်းကကြီးတယ်ဗျ။ ၆ နာရီထိုးရင် အကုန်လုံးဘုရားရှိခိုးရတယ် ၁၅ မိနစ်လောက် တရားထိုင်ရတယ်။ အဲဒါပြီးရင် ၁၁နာရီအထိစာကျက်ရတယ်။ အဲလိုနဲ့ဖြတ်သန်းရင် ပထမအစမ်းကို ဖြေလည်းပြီးရော ကျနော်တို့ကျောင်းမှာ ကျောင်းပျက်တဲ့လူကများလာတယ်လေ။ ကျောင်းမတက်ကြတော့ဘူး အိမ်မှာပဲ စာကြိတ်ကျက်ကြတာပေါ့လေ။ ကျနော်ကတော့ ပုံမှန်ကျောင်းတက်လျက်ပါပဲ။ ကျောင်းမှာ ကျောင်းသားတွေသိပ်မရှိတော့ ဆရာ၊ဆရာမတွေကလည်း စာသိပ်မသင်ကြဘူးလေ။ အဲဒီတော့ ကျနော်က အားနေတာပေါ့။ အဲဒါနဲ့ သူငယ်ချင်းတွေကို အဖော်စပ်ပြီး တောင်ပေါ်တန်းကို ကျောင်းပြေးပြီး ခိုးသွားကြတယ်။ ပျော်ဖို့ကောင်းလိုက်တာဗျာ တစ်ကယ် ခိုးသွားရလို့လားမသိဘူး။

တောင်ပေါ်တန်းကနေကြည့်လိုက်ရင် မော်လမြိုင်တစ်မြို့လုံးကိုမြင်ရတယ်ဗျ။ အဲနောက်တော့ ထန်းရည်ကို လည်း ၀ါးကျဉ်ထောက်နဲ့ရောင်းသေးတယ်ဗျ။ သောက်လို့ကောင်းတယ်နော် မယုံမရှိနဲ့ သောက်ကြည့် တစ်ကယ် ကောင်းတယ်။ တောင်ပေါ်တန်းက ဘုရားတွေကိုဖူးရင်း သူငယ်ချင်းတွေနဲ့ အမှတ်တရဓါတ်ပုံရိုက်ကြသေးတယ် ဗျ။ အင်မတန်ပျော်ဖို့ကောင်းတဲ့ အတိတ်ကဖြစ်ရပ်လေးတစ်ခုပေါ့ဗျာ။

အဲဒီနောက်ပိုင်း ကျနော်လည်း ကျောင်းသိပ်မတက်ဖြစ်ပဲ အဆောင်မှာပဲစာတွေကျက်ဖြစ်ခဲ့တယ် စာမေးပွဲဖြေတဲ့ အထိပေါ့ဗျာ။ ကျနော်ဆယ်တန်းတစ်နှစ်တာ မော်လမြိုင်မှာနေထိုင်ခဲ့တာပါ။ ဆယ်တန်းပြီးတော့ မုဒုံမှာ ပြန်နေ ခဲ့ပါတယ်။ မုဒုံမှာတော့ သူငယ်ချင်းတွေလျှောက်လည် လက်ဖက်ရည်ဆိုင်ထိုင်နဲ့ အချိန်တွေအကြာကြီးဖြုန်းနေမိပါတယ် အဲလိုနဲ့ပဲ . . .lol


အဲဒီအထဲမှာ ကျနော်ပါတယ်ဗျ အသူလဲဆိုတာကိုတော့ ပြောပြဘူး . . .rolleyes

9 ယောက်ကဒီလိုမြင်ပါတယ်:

သက်မီမီထိုက် said...

ဘယ်သူလဲဆိုတာတော့ သေချာသိဘူး... ဒါပေမယ့် မျက်နှာပြောင်တဲ့ တစ်ယောက်ကိုရွေးထားတယ်နော်..

နေလင်း said...

မပြောဘူးဆိုရင်တော့ ရုပ်အဆိုးဆုံးက ကိုမော်စီပဲ ဖြစ်လိမ့်မယ်..ဟဲဟဲ..

Unknown said...

ကျောင်းသားဘ၀ဆိုတာ တစ်ကယ်ကို အမှတ်တရလေးတွေပါပဲဗျာ။ :)

NatShinNaung said...

အဖြူနဲ့အစိမ်းကျောင်းသား ၀တ်စုံလေးတွေ မြင်ရတော့ စိတ်ထဲတစ်မျိုးပဲဗျာ။

မြန်မာပြည်ကိုလွမ်းတယ် said...

ချာတိတ်လေးတွေကြီးပဲ..အဖြူအစိမ်းဝတ်ထား
တော့ အားလုံးကကြည့်လို့ကောင်းနေတာပဲနော်
အင်း..ခေါက်ဆွဲကြော် ဒကာကြီးကတော့
ပိုချောမယ်ထင်ပါရဲ့...ဟိဟိ မြှောက်ပြောနေ
တာနော်။

BLANK PAPER said...

ခုရိုက်ထားတဲ့နေရာကလှမ်းကြည့်ရင် ကျွန်တော့်အိမ်လေးကိုမြင်ရတယ်ဗျ..အရင်ကအိမ်ပေါ့ဗျာ..
အိမ်နီနီကြီး..

Tea said...

သိသားပဲ ဟိုတစ်ယောက်.. မှန်သွားပြီ မတ်လား.. ငါကွ

ရွှေပြည်သူ (ShwePyiThu) said...

အဖြူအစိမ်းလေးတွေမြင်တော့ ငယ်ငယ်က ကျောင်းသားဘ၀ကို သတိရမိတယ် မောင်လေးရေ...

Pinkgold said...

ကျောင်းသားလေးတွေက တစ်ကယ်ကို ဖြူစင်ပါတယ်.. ကိုမော်စီလည်း ဘာပဲပြောပြော အဲဒီအရွယ်တုန်းက ချစ်စရာလေး နေမှာ

Post a Comment