Monday, March 31, 2008

မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူးချိန်

မွန်နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် ဗမာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့ပါသည်။

ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရ၀တီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန်ဖြစ်ပါသည်။ ထို့ပြင် မွန်တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများဖြစ်ကြပေပြီး။

ယဉ်ကျေးမှုသည် မြင့်ရာမှနိမ့်ရာသို့ စီမြဲဖြစ်သည့်အတိုင်း မွန်နှင့် ဗမာတို့ဆုံတွေ့ကြရာတွင်မြင့်မား သော မွန်ယဉ်ကျေးမှုသည် မြန်မာများထံသို့ ဒလဟောစီးသွားပေလိမ့်မည်။ လယ်ယာစိုက်ပျိုးရေးပညာ၊ လက်မှုပညာ၊ ဂီတအနုပညာ၊ ဘာသာအယူဝါဒများနှင့်တကွ ဘာသာစကား ဝေါဟာရများနှင့် စာပေ အရေးအသားများပါ မြန်မာများထံသို့ ကူးစီးသွားကြမည်ဖြစ်ပါသည်။

မွန်နှင့်မြန်မာကို နှိုင်းယဉ်ရာ၌ ယဉ်ကျေးမှုအရာတွင် မွန်က မြန်မာထက်အနည်းဆုံး အနှစ်တစ်ထောင် စောသည်ကို သတိပြုစေလိုပါသည်။

ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကိုတည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်။

ရှေးမြန်မာသမိုင်းပညာရှင်များသည် မြန်မာတို့က ပျူတို့ထံမှတဆင့် ဘာသာယဉ်ကျေးမှုနှင့် စာပေ အရေးအသားကို လက်ခံရရှိခဲသည်ဟု ယူဆလိုကြသည်။ သို့သော် နောက်ပိုင်းတွင် တွေ့ရှိလာရသော သမိုင်းအထောက်အထားများအရ ဒေါက်တာသန်းထွန်းက အမှန်ကို ဖော်ထုတ်ပြလို၍ သုံးနှုန်းလိုက်သည့် အတိုင်း '' မြန်မာတို့ဆရာကား မွန်ဖြစ်သည်" ဆိုသည်မှာ ထင်ရှားလှပါသည်။

မြန်မာတို့သည် ကျောက်ဆည်နယ်တွင် မွန်တို့နှင့် စတင်တွေ့ဆုံခဲ့ပြီး၊ မွန်တို့ထံမှ ဘာသာ ယဉ်ကျေးမှုနှင့် စာပေအရေးအသားကို လက်ခံယူသည်။ နောင်အင်အားကြီးထွားလာသည့်အခါတွင်မှ ကျောက်ဆည်နယ်၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ တစတစတိုးချဲ့ကာ ပျူတို့၏ ယဉ်ကျေးမှုနှင့် ထိတွေ့လာကြသည်။ ထို့ကြောင့် ပျူတို့သည် မြန်မာတို့၏ ဒုတိယ ဆရာဖြစ်သည်။ သို့သော် ပျူယဉ်ကျေးမှုနှင့် ထိတွေ့သောအချိန်တွင် မြန်မာတို့သည် မွန်ယဉ်ကျေးမှုတည်းဟူသော နို့ချိုအေးကို တ၀သောက်စို့ ခဲ့ရပြီးဖြစ်သည်။

မှတ်ချက် ။ ။ ကျနော် ဤမွန်-မြန်မာ စာပေယဉ်ကျေးမှုပေါင်းကူးချိန် ဆောင်းပါကို ဒေါက်တာမင်းတင်မွန် ရေးသားသော မွန် - မြန်မာ စာပေပေါင်းကူး စာအုပ်မှ တစ်ထပ်တည်းကူးယူ ကောင်နုတ်ထားပါသည်။

Tuesday, March 25, 2008

ကျနော်ကြားဖူးသော ဟာသများ (၃)

ကျနော် ဟာသလေးတွေမရေးရတာကြာတော့ ရေးကြည့်တာပါ။ ကျနော် ကြားဖူးခဲ့တဲ့ ဟာသလေးတွေကို ဖတ်ရင်း ဘလော့ဂါမောင်နှမများ ပြုံးပျော်နိုင်ကြပါစေဗျာ . . .။

ကျနော်တစ်ခုလောက်တော့မှာချင်တယ်ဗျာ။ ကျနော်တို့ ဘလော့ဂါတွေပဲဖြစ်ဖြစ်၊ အသိမိတ်ဆွေတွေ ထဲကပဲဖြစ်ဖြစ် အိမ်ထောင်ကျပြီး သားယောက်ျားလေးမွေးတဲ့အခါ ထွန်းလင်း ဆိုတဲ့နံမည်ကို မမှည့်မိ စေဖို့ပဲ။ဘာဖြစ်လို့လဲ ဆိုတော့ ထွန်းလင်းဆိုတဲ့နံမည်က တော်တော်လေးဆိုးတယ်ဗျ။ ဟိုသီချင်းလေးထဲကလိုပေါ့ `` ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်သည်´´ ကဲကြည့် ဘယ်လောက်ဆိုးလဲ ``ဘာသာရောင် သာသနာရောင်´´ ကိုပြောင်စရာလားဗျာ။

အဲနောက်တစ်ခုရှိသေးတယ် ကျနော်မြို့ကဆောင်းတွင်းဆိုရင် လူကြီး၊လူငယ် မနက်စောစော လမ်းထလျှောက်ကြတယ်ဗျာ။ ဆောင်းဦးမှာဆိုတော့ လမ်းလျှောက်နေကျ မဟုတ်တော့ ကျနော်တို့လမ်းထိပ်က ဘကြီးတစ်ယောက်က အညောင်းမိသွားတယ်ပေါ့။ အဲဒါကို ပိုက်ဆံအကုန်ခံပြီး အနှိပ်သည်ခေါ်မလို့ ကျနော်လည်းရောက်သွားရော ပိုက်ဆံအကုန်ခံပြီး အနှိပ်သည်မခေါ်ဖို့ ကျနော်ကိုယ်တိုင် ပိုက်ဆံတစ်ပြားမှ မယူပဲ အလကားစေတနာနဲ့ နင်းပေးမယ်ပြောတော့ သူကလက်မခံဘူး။

ကျနော် အတန်တန်ပြောပါတယ် ကျနော်နင်းပေမယ်လို့ မရဘူး သူက အနှိပ်သည်ပဲခေါ်မယ်လုပ်နေတယ်။ ဘာဖြစ်လို့ဘကြီးက လက်မခံတာလဲလို့ ထင်လည်း ကျနော်က ခြေထောက်နဲ့နင်းတာမှ မဟုတ်တာ ကားနဲ့နင်းပေးမှာလေ။ အညောင်းပိုပြေတာပေါ့ ဟုတ်ဖူးလား။ ဘလော့ဂါမောင်နှမများလည်း ညောင်းရင်ကျနော်ကိုခေါ်လိုက်နော် ကျနော်စေတနာနဲ့လာနင်းပေးမယ် ကားနဲ့လေ။

Sunday, March 23, 2008

အပြန်

ကျနော် ပြန်ရောက်ကြောင်း သတင်းပို့ပါတယ်။ ကျနော်တောထဲသွားတယ်ဆို တာ ကျနော်တို့သင်တန်းက လေ့လာခရီးထွက်တဲ့သဘောမျိုးလေးပါ။ တောဆိုပေမယ့်လည်း ဟိုးတောနက်ကြီးမဟုတ်ပါဘူး မြို့နားကတောစပ်လေးမှာပါ။ ပျော်စရာတော့ အရမ်းကောင်းပါတယ်။ အတန်းဖော်တွေလည်း အများကြီးပေါ့။ ဓါတ်ပုံတော့ တင်ပေးချင်တယ်ဗျ။ ကျနော့်ကင်မရာက ဘထ္တရီမကောင်းတော့ယူမသွားဘူး။ သူငယ်ချင်းတွေရဲ့ကင်မရာတွေနဲ့တော့ ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက ကျောင်းကပိတ်ထားတော့ သူတို့ကိုတွေ့မလွယ်ဘူးဖြစ်နေတယ်။ အဲ နောက်အဆင်ပြေမှ တင်လိုက်ပါ့မယ်။ ကျနော်မရှိတုန်း ကျနော့်ရဲ့ အိမ်လေး (ဘလော့)ကို လာရောက်စောင့်ရှောက်ပေးကြတဲ့ ဘလော့ဂါမောင်နှမများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် . . .

Saturday, March 8, 2008

ဒိုးလိုက်အုံးမယ်

ကျနော် နှစ်ပတ်လောက်တောထဲသွားမလို့ အဲဒါ အွန်လိုင်းပေါ်မတက်ဖြစ်တဲ့
အကြောင်းရယ် ဘလော့လည်ခြင်း ပိုစ့်တင်ခြင်း မပြုလုပ်နိုင်တဲ့အကြောင်းရယ် အကြောင်းကြားတာပါ။ ဘလော့ဂါမောင်နှမများ အားလုံးကျန်းမာပျော်ရွှင်ကြပါစေဗျာ . . .

Friday, March 7, 2008

ကြော်ငြာလေးတစ်ခု

ကဗျာရပ်ဝန်း

ကျနော် ချစ်တဲ့ဘလော့ဂါမောင်နှမတွေအတွက် ကြေငြာလေးတစ်ခုဝင်ချင်လို့ပါ။ ကဗျာတွေကို ချစ်တဲ့ကျနော်တို့ရဲ့ ဘလော့ဂါမောင်နှမတွေအတွက် ရည်ရွယ်
ပြီး ဘလော့ဂါတို့၏ ကဗျာရပ်ဝန်း ဆိုပြီးဖန်တီးထားပါတယ်။ ကဗျာတွေကို ချစ်တဲ့ ကျနော်တို့ရဲ့ ဘလော့ဂါများရဲ့ ကဗျာတွေကို တစ်နေရာတည်းမှာ ခံစားရမှာဖြစ်ပါတယ်။ ဘလော့ဂါတိုင်း ကဗျာများကို ပေးပို့ကြဖို့ဖိတ်ခေါ်ပါတယ်။ ဝေဖန်မှုများ အကြံညဏ်များလည်း ပေးပို့နိုင်ပါတယ်။

ဘလော့ဂါတွေရဲ့ ခံစားချက်နဲ့ ဖွဲ့စည်းထားတဲ့ဘလော့လေးတစ်ခုပါ။ ဤ ဘလော့ဂါတို့၏ ကဗျာရပ်ဝန်းဘလော့ကို ၀ိုင်းဝန်းကြော်ငြာပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

Tuesday, March 4, 2008

ကဗျာစပ်တဲ့ည

ညက တိတ်ဆိတ်လွန်းတော့
ကိုယ့် ရင်ခုန်သံကို
ပြန်ကြားနေလေရဲ့ . . . .

လမင်းက မှိန်မှိန်လေး
သာနေတော့
ချစ်သူကိုလွမ်းတဲ့အကြောင်း
ကဗျာတစ်ပုဒ်စပ်ဖို့
လွယ်အိတ်ထဲမှာမွန်းကြပ်နေတဲ့
ဘောပင်လေးကို
အကူအညီတောင်းမိပါတယ် . . .

လွမ်းကြောင်း ဆွေးကြောင်း
စာစီကုံးတဲ့ ဒီညလေးမှာ
ကျနော့်ချစ်သူတစ်ယောက်
အိပ်မက်လှလှ မက်ပါစေ . . .