ချစ်သောဘလော့ဂါမောင်နှမများခင်ဗျား ကျနော် မနက်ဖြန်အစောကြီး ခရီးရက်ရှည် ထွက်ရမည် ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော် ပိုစ့်တင်ခြင်း ဘလော့လည်ခြင်းများ ပြုလုပ်နိုင်မည်မဟုတ်တော့ပါ။ ကျနော်အခုသွားမှာ နည်းနည်းတော့ကြာမယ်ထင်တယ်။ စိတ်ပြေလက်ပျောက် ခရီးဆိုပါတော့။ ကျနော်မရှိတဲ့ အချိန်အတွင်းမှာ ကျနော်ရဲ့ အိမ်(ဘလော့)ကို လာရောက်စောင့်ရှောက်ပေးကြပါဗျာ။ အချိန်တွေကြာလို့ဆိုပြီး ကျနော့်ကို
မေ့မသွားကြနဲ့နော်။ ကျနော် ပြန်ရောက် ရောက်ခြင်း ကျနော်ချစ်တဲ့ ဘလော့ဂါမောင်နှမ တွေကို အကြောင်းကြားပါ့မယ်။ ကျနော်ချစ်တဲ့ဘလော့ဂါမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပြီး လိုအင်ဆန္ဒများလည်း ပြည့်စုံပါစေဗျာ . . .
. . . . . . ချစ်တဲ့ . . . .
မော်စီ . . . .
Sunday, December 23, 2007
ခရီးရက်ရှည်
ရေးသားသူ မော်စီ at 7:02 AM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
မွေးနေ့
ဒီဇင်ဘာလ 23 ရက်နေ့ ကျနော့်တူမလေး အသက်တစ်နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ယနေ့မှ နောက်နှစ်ပေါင်းများစွာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါ စေလို့ ကျနော်ဆုတောင်းလိုက်ပါတယ်။ ကျနော့် တူမလေးရဲ့ဓါတ်ပုံတွေတင်ထား ပါတယ်။ အဲ သူကျွေးတဲ့ ကိတ်မဲကြီးကိုလည်းစားသွားကြပါအုံးနော် . . .
ဘယ်လိုလဲ တူမလေးက ချစ်ဖို့ကောင်းတယ်မဟုတ်လား။ အဲ . . . အမေပြောတော့ ကျနော် ငယ်ငယ်တုန်းက ဒီ့ထက်ပိုချစ်ဖို့ကောင်းတယ်လို့ ပြောတာပဲ ဟုတ်မယ် ထင်တယ်နော် . . .
ရေးသားသူ မော်စီ at 12:53 AM 7 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Friday, December 21, 2007
သက်သတ်လွတ်
ကျနော်တို့ ဗုဒ္ဓဘာသာဝင်တစ်ချို့တွေဟာ သက်သတ်လွတ်စားကြတာရှိပါတယ်။ သက်သတ်လွတ်နဲ့ ပက်သက်လို့ကျနော် ဗဟုသုတအနေနဲ့ သိထားတာလေးကို မျှဝေ ချင်လို့ပါ။ ဒါတွေကို တစ်ချို့ကလည်း သိပြီးသားဖြစ်မှာပါ။ ကျနော်တို့ သက်သတ်လွတ် ကိုစားကြတာတွေဟာ ကုသိုလ်ရတယ်လို့ အယူမှားခဲ့ကြပါတယ်။ (ကျနော် အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ)
တစ်ချို့တွေကမွေးနေ့မှာ သက်သတ်လွတ်စားကြပါတယ် တစ်ချို့တွေက၀ါတွင်းသုံးလ မှာစားကြပါတယ် အဲတစ်ချို့တွေဆိုအမြဲတမ်း စားကြပါတယ်။ ကျနော်တို့ သက်သတ် လွတ်စားတဲ့အခါမှာ ကုသိုလ်ရတယ်လို့ထင်ခဲ့ပါတယ်။ ကျနော်လည်းစာခဲ့ဖူးပြီးကုသိုလ်
ရတယ်လို့ထင်ခဲ့ဖူးပါတယ်။ ကျနော် အရှင်ဆန္ဒာဓိကရေးသားတဲ့ သက်သတ်လွတ်နှင့် ကုသိုလ်စိတ် ဆောင်းပါးကိုဖတ်ပြီးမှ အကြောင်းမှန်တွေကို သိခဲ့ရတာပါ။
သက်သတ်လွတ်စားရုံမျှဖြင့် ကုသိုလ်မရနိုင်သလို အသားငါးတွေစားခြင်းကြောင့်လည်း
အကုသိုလ်မဖြစ်နိုင်ပါဘူးလို့ အဲဒီဆောင်းပါးမှာဖော်ပြထားပါတယ်။အစားစာသက်သက်
ကြောင့် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်တာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
သက်သတ်လွတ်စားသုံးသူတစ်ယောက်နဲ့ အစုံစားသုံးသူတို့နှစ်ယောက် အလှူဒါနပြု ကြရာတွင် သက်သတ်လွတ်စားသုံးနေသူက ကုသိုလ်ပိုမရနိုင်ပါဘူး။ အဓိက ကတော့ ကျနော်တို့ ပြုလိုက်တဲ့အလှူဒါနအပေါ်ထားတဲ့စိတ်ထားမှာ မူတည်နေပါတယ်။ တစ်ချို့ ကြတော့လည်း ကျန်းမာရေးကြောင့် သက်သတ်လွတ်စားကြတာတွေရှိပါတယ်။
ကျနော်တွေ့ဖူးတဲ့ အနောက်တိုင်းသား(နိုင်ငံခြားသား) အများစုဟာ သက်သတ်လွတ် စားကြတာတွေ့ရပါတယ်။ ဒါပေမယ့် သူတို့ကကျန်းမာရေးအတွက် စားကြတာပါ။ ကျနော်ဆိုလိုချင်တာက ကျနော်တို့ အလှူဒါနကောင်းမှုကုသိုလ် ပြုလုပ်တဲ့အခါမှာ သက်သတ်လွတ်စားခြင်း မစားခြင်းနဲ့မသက်ဆိုင်ကြောင်းပါ။ သက်သတ်လွတ်စားလို့ ကုသိုလ်ပိုမရနိုင်ပါဘူး။ တစ်ကယ်တော့ သက်သတ်လွတ်စားတဲ့အလုပ်ဟာ ဘာသာ ရေးအလုပ် မဟုတ်ဘူးလို့ ဆောင်းပါးမှာဆိုထားပါတယ်။
ကျနော်တို့ အသားတွေထဲမှာ မစားသင့်တဲ့ အသားဆယ်မျိုးရှိတယ်လို့ ဆောင်းပါးမှာ
ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒါကတော့ လူ၊ ခွေး၊ မြင်း၊ ဆင်၊ ကျား၊ ကျားသစ်၊ ခြင်္သေ့၊ ၀ံ၊ အောင်း၊ မြွေ တို့ပဲဖြစ်ပါတယ်။ ကျနော်တို့ သက်သတ်လွတ်စားသည်ဖြစ်စေ
မစားသည်ဖြစ်စေ အဓိက ကျနော်တို့ ပြုလုပ်လိုက်တဲ့ ကောင်းမှုကုသိုလ်အပေါ်ထားတဲ့
စိတ်ထားကသာ အရေးကြီးပါတယ်။ ကျနော်ချစ်တဲ့ ဘလော့ဂါမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမားချမ်းသာပါစေလို့ ဆုတောင်းရင်း . . .
ရေးသားသူ မော်စီ at 7:55 PM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ဗဟုသုတ
Thursday, December 20, 2007
လေဟာနယ်ထဲက မိသားစုကမ္ကာလေးတစ်ခု
တစ်ကယ်တော့ လောကကြီးက သူ့ဟာသူပုံမှန်ချီတက်လျက်ပါ။ ကျနော်လည်း ဘဝ
ကိုပုံမှန်လေးချီတက်ချင်ပါတယ်။ ဒါပေမယ့် မျှော်လင့်သလိုတော့အမြဲတမ်း ဘယ်ဖြစ် လာနိုင်ပါ့မလဲနော်။ ကျနော် အရင်တစ်ခါကရေးခဲ့ဖူးသလို သုခဆိုတာဒုက္ခရှိမှ တန်ဖိုး
ရှိတာပါ။
ကျနော့်ဘ၀မှာ အခုလိုစိတ်ဓါတ်ကျတာ ပထမဦဆုံးကြုံရခြင်းပါ။ တော်တော်လေး အခံရခက်တယ်ဗျာ။ အရသာက ခါးသီးလွန်းလှပါတယ်။ရှေ့ဆက်ရမယ့် ကျနော့်ဘ၀ မှာအခုလိုအခါးသီးတဲ့အဖြစ်မျိုးနဲ့ မကြုံတွေ့ပါရစေနဲ့ဆုတောင်းမိပါတယ်။ ကျနော် ဒီလိုစိတ်သောကများတဲ့ ဒုက္ခကနေလွတ်မြောက်ဖို့ ကြိုးပမ်းနေတုန်းပါ။
ကျနော် ပူဆွေးပြီးစိတ်သောကရောက်နေတဲ့အချိန်မှာ အဖက်ဖက်က၀ိုင်းဝန်းအားပေး တဲ့ ကျနော့်ရဲ့ မိသားစုနှင့်ဘလော့ဂါမောင်နှမတွေကို အရမ်းကိုကျေးဇူးတင်မိပါတယ်။ တစ်ကယ်တော့ ကျနော်ဘလော့ကို စတင်ခဲ့တဲ့အချိန်တုန်းက ဘလော့ကြောင့် ဒီလောက်ပျော်ရွှင်လိမ့်မယ်လို့ တစ်ခါမှကြိုမတွေးခဲ့မိပါဘူးဗျာ။ ဒီဘလော့လေးကြောင့်
ကျနော့်ရဲ့စိတ်တွေကို တော်တော်လေးထိန်းနိုင်ခဲ့ပါတယ်။
ကျနော် ဘလော့လောကကိုရောက်လာတာ (၅)လကျော်လောက်ရှိပါပြီး။ ဒီအချိန် အတောအတွင်း ကျနော်သိတဲ့ ဗဟုသုတတွေကို မျှဝေခွင့်ရခဲ့သလို ပြန်ရလိုက်တဲ့ ဗဟုသုတတွေလည်းအများကြီးပါ။ တစ်ကယ်တော့ ကျနော်ပေးလိုက်တာက နည်းနည်းလေးပါ။ ဘလော့တွေကြောင့် ကျနော်မသိသေးတဲ့ သိသင့်သိထိုက်တာကို
အများကြီးသိခဲ့ရပါတယ်။
ဘလော့ဆိုတာ လေဟာနယ်ထဲက မိသားစုကမ္ကာလေးတစ်ခုလိုပါပဲဗျာနော်။ တစ်ယောက်က နေလို့မကောင်း(စိတ်၊ခန္ဓာ) ရင် သတင်းသွားတာတို့၊ အားပေးစကား သွားပြောတာတို့ သာတွေဟာတစ်ကယ့် နွေးထွေးတဲ့မေတ္တာတွေပါ။သိထားကြတဲ့ ဗဟုသုတတွေကို မျှဝေတာ တစ်ကယ်ကောင်းပါတယ်။
အမှန်တော့ ကျနော်တို့နိုင်ငံတကာမှာရှိတဲ့ ဘလော့မောင်နှမတွေဟာ တစ်ယောက်ကို တစ်ယောက် ရင်းရင်းနှီးနှီးတွေ့ဖူးကြတာလဲ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေလည်း မဟုတ်ကြပါဘူး။ ကြီးမှ လေထဲမှာတွေ့ကြတဲ့ ကြီးသူငယ်ချင်းတွေ ကြီးမောင်နှမတွေ ထင်တယ်နော်။
အသက်အရွယ်အားဖြင့်လည်း အမျိုးမျိုးရှိကြပါတယ်။ အတွေ့အကြုံတွေလည်းအမျိုးမျိုး ရှိကြမှာပါ။ ဒီလိုကျနော်တို့ရဲ့ အတွေးတွေ၊ အမြင်တွေကို လွတ်လွတ်လပ်လပ် ရေးသားနေကြတာတွေဟာ တစ်ကယ်ကောင်းတဲ့ အကျိုးရလဒ်တွေပါဗျာ။
ကျနော်တို့ သိချင်နေတဲ့ ခေတ်မီတဲ့ နည်းပညာတွေ အထွေထွေဗဟုသုတတွေကို ဘလော့ကနေတစ်ဆင့်ရရှိပြီး တစ်ယောက်ကိုတစ်ယောက် တစ်ကယ့်မောင်နှမစိတ်နဲ့ ရင်းရင်နှီးနှီးဆက်ဆံနေကြရတဲ့ ဘလော့လောကကို ကျနော်အသက်ရှင်နေသမျှကာလ ပတ်လုံး ဘယ်တော့မှမေ့နိုင်မယ်မထင်ပါဘူးဗျာ . . .
ရေးသားသူ မော်စီ at 6:12 AM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော့်အတွေး
Monday, December 17, 2007
အဖြစ်ကဒီလို
ကျနော် အင်တာနက်နှစ်ရက်လောက် မတက်ဖြစ်လိုက်ဘူး။ ဖြစ်ပုံကို ပြောကိုမပြော
ချင်ဘူး (ပြောချင်လွန်းလို့)။ ကျနော်ရဲ့ တစ်ဦးတည်း တူမလေးပေါ့။ ဆော့တာလည်း
လွန်ရော ကလေး လေးလို့မပြောရဘူး။ လက်ကလည်း မြန်သေးတယ်။ လူကြီးတွေ
တောင် သူ့ကိုမမီဘူးဖြစ်နေတယ်။ အဲ ကျနော့် တူမလေး ဆော့တာနဲ့ ကျနော် အင်တာနက် မတက်ဖြစ်တာ ဘာဆိုင်လည်းလို့ မေးစရာရှိမှာပါ။
ကဲ စပြီး . . . အိမ်ပေါ်ထပ်မှာ တစ်အိမ်သားလုံး TV ထိုင်ကြည့်နေကြတယ်။ ကျနော်က အိပ်ပြီးကြည့်နေတယ်ပေါ့။ နေ့တိုင်းလိုလို တူမလေးက ဘုရားစဉ်နားမှာ
ဟိုဟာကိုင် ဒီဟာကလိနဲ့ ဆော့နေကြလေ။ ဘယ်သူမှလည်း သတိမထားကြဘူးပေါ့
အဲဒီလိုနဲ့ တူမလေးက ရေအပြည့်ထည့်ထားတဲ့ ဘုရားသောက်တော်ရေအိုးကို ဆွဲချ
လိုက်တာ တစ်အိမ်လုံးကို ရေလျှံသွားတာပဲ။
အဲဒါနဲ့ ကမန်းကတန်း ရေတွေသုတ်ကြပေါ့။ ကံဆိုးတာက ရေဖိတ်ကျတဲ့နေရာက အောက်ထပ်မှာ ကွန်ပြူတာထားတဲ့ နေရာတည့်တည့်ပဲ။ အပေါ်ထပ်က ရေယိုပြီး ကွန်ပြူတာတွေ အားလုံးနီးပါး ရေတွေ စိုကုန်တာပေါ့။ အင်တာနက် Box လည်း ရေစိုကုန်တယ်လေ။ တော်သေးလို့ ကျနော် Laptop လေး ရေမစိုသွားတာ။ အဲဒါနဲ့ ရေစိုသွားတဲ့ ပစ္စည်းတွေကို နေလှမ်းလိုက် သုတ်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာပေါ့။
ရေအပြည့်ထည့်ထားတဲ့ အိုး(သတ္တုအိုး) ကိုသူမို့လို့ဆွဲချနိုင်တာ။ သူအားကြီးကြောင်း
တစ်အိမ်လုံးကို ပြလိုက်တယ်ထင်ပါ့။ ကျနော့်တူမလေးက အသက်ဘယ်လောက်ရှိ ပြီးလည်းလို့ထင်လဲ။ ဒီလာမည့် ဒီဇင်ဘာ 23 ရက်နေ့မှ တစ်နှစ်ပြည့်မှာပါ။ သူ့မွေနေ့ကျမှ သူ့ပုံတွေကို တင်ပေးအုံးမယ်။ ကျနော်တူမလေးက ချစ်စရာလေးဗျ ကျနော်နဲ့ တူလို့ထင်တယ် . . .
ရေးသားသူ မော်စီ at 6:14 PM 2 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Friday, December 14, 2007
နောက်ဆုံးတော့
(ဒေ၀ီ: ကိုမော်စီ.... လာလည်သွားပါတယ်။ စိတ်အပြောင်းအလဲမြန်တယ်နော်... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဆွေးနေတဲ့ လူတစ်ယောက်က နောက်ဆုံးတော့ ပုံမှန်ပြန်ဖြစ်သွားတာပဲနော်။ အားလုံးဟာ သူ့ဟာသူပြီးဆုံးသွားမယ် ဆိုတဲ့စကားက ကိုမော်စီအတွက်မှန်သွားပြီးနော်)
ဒါက ဒေ၀ီ ကျနော့် စီဗုံးမှာ လာအော်သွားတာပါ။ ဒေ၀ီကို ကျနော်ကမသိပါဘူး။ ဒီနာမည်နဲ့ ကျနော့်ဆီကို တစ်ခါမှ မလာဖူးဘူးလို့ထင်ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့
ဘလော့ဂါမောင်နှမတစ်ယောက်လို့ သဘောထားပါတယ်။ ကျနော်ဆီလာလည်ပြီး
စီဗုံးမှာ ခြေရာချန်ခဲ့လို့ ဒေ၀ီကို ကျေးဇူးတင်ပါတယ်။
ဒေ၀ီရေးပေးခဲ့တာနဲ့ပက်သက်ပြီး ကျနော့်အတွေးမှာဖြစ်ပေါ်တာတွေကို တင်ပြချင်လို့
ဒီပိုစ့်ကိုရေးသားခြင်းဖြစ်ပါတယ်။ ကျနော်က လွန်ခဲ့တဲ့ရက် အနည်းငယ်ကဆွေးနေ
တဲ့လူတစ်ယောက်ဆိုတာ မှန်ပါတယ်။ ဘယ်လိုမှလည်းငြင်းလို့မရပါဘူး။ ပုံမှန်ဆိုတဲ့
စကားလုံးက ပြောသလောက်မလွယ်ကူပါဘူး။ ကျနော်ပုံမှန်ပြန်ဖြစ်သွားပါပြီး ဆိုတာ
ကျနော့်စိတ်ကို ကျနော်ပြန်ဖြေသိမ့်တာပါ။
ကျနော် အပြောင်းအလဲမြန်တဲ့လူတစ်ယောက် မဟုတ်ပါဘူးဗျာ။ အပြောင်းအလဲ ဆိုတာ တစ်ခါတစ်လေ လိုအပ်ရင် ပြုလုပ်ပေးရပါတယ်။ လူတိုင်းကတော့ ဘ၀ကို ပုံမှန်ချီတက်ချင်ကြပါတယ်။ ကျနော်လည်း လူထဲကလူတစ်ယောက်ပါပဲ။ အပြောင်း
အလဲကို ကျနော်လည်းမကြိုက်ပါဘူး။ အခုအဲဒီ ကျနော်မကြိုက်တဲ့ အပြောင်းအလဲ
ကို ကျနော်ကိုယ်တိုင် ပြုလုပ်နေရပါတယ်။
ဒါပေမယ့် မကောင်းတဲ့အခြေအနေတစ်ခုကနေ ကောင်းတဲ့အခြေအနေတစ်ခုကို ပြောင်းလဲတာ လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ပူဆွေးသောကများနေတဲ့ အခြေအနေတစ်ခုကို ဘယ်သူကကောင်းတဲ့ အခြေအနေလို့ဆိုမလဲ။ လူတိုင်း ကတော့ ပျော်ပျော်နေချင်ကြပါတယ်။ ကျနော်လည်း ပျော်ပျော်နေချင်ပါတယ်။
ကျနော် ပူဆွေးသောကရောက်တဲ့ ကိစ္စနဲ့ပက်သက်ပြီး ကျနော်အများကြီး ပေးဆပ်ခဲ့
ပါတယ်။ ကျနော့်ရဲ့ ပေးဆပ်မှုနဲ့ ပြန်ရလိုက်တာတော့ လုံးဝမတန်ပါဘူး။ ဒါပေမယ့် ကျနော် ကျေနပ်ပါတယ် တစ်ကယ့်ကို ကျေကျေနပ်နပ်နဲ့ ပေးဆပ်ခဲ့တာပါ။ အဲဒီ ပေးဆပ်မှုနဲ့ ပက်သက်ပြီး ကျနော်ဘယ်တော့မှ နောင်တမရပါဘူး။ ကျနော့်ကြောင့် လူတစ်ယောက် ပျော်ရွှင်သွားရင် ကျနော်ကျေနပ်ပါတယ်။
နောက်ဆုံးတော့ ဆိုတဲ့စကားလုံးရဲ့နောက်မှာ ကျနော်တို့ ဖြစ်ချင်တာတွေကို ကျနော်တို့ ပြောကြတာပါ။ အဲဒီနောက်ဆုံးဆိုတဲ့ အချိန်ကိုရောက်ဖို့ ကျနော်တို့ အများကြီး ပေးဆပ်သင့်တာပေးဆပ် ရယူသင့်တာရယူ ရအုံးမှာပါ။ အားလုံးဟာ သူ့ဟာသူ ပြီးဆုံးသွားမယ် ဆိုတာနောက်ဆုံးမှ ဖြစ်လာမှာပါ။ နောက်ဆုံးဆိုတဲ့ အချိန်ကိုရောက်ဖို့ ကြန့်ကြာတတ်ပါတယ်။
(ကျနော့်ရဲ့ ပိုစ့်ကို လာရောက်ဖတ်ပေးကြတဲ့ ဘလော့ဂါမောင်နှမများကို ကျေးဇူး တင်ပါတယ်။ ကျနော့်ရဲ့အမြင် ကျနော်ရဲ့အတွေးတွေကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ ဝေဖန်စရာများရှိက ဝေဖန်ပေးကြပါရန် . . .)
ရေးသားသူ မော်စီ at 7:14 PM 2 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော့်အတွေး
Thursday, December 13, 2007
စိတ်
လူတွေမှာ အရေးအကြီးဆုံးကတော့ စိတ်ပါပဲ။ ဤစိတ်ဆိုတာကြီးကို ထိန်းလို့ရခဲ့ရင်
တော့ ပြီးပြီ ဘာမှမလိုတော့ဘူး။ လူတွေကို ပျော်အောင်လုပ်နေတာလည်း ဒီစိတ်ပဲ
ဝမ်းနည်းအောင် လုပ်နေတာလည်း ဒီစိတ်ပါပဲ။
ကျနော်တို့ ဘုရားရှင်ကလည်း ဒီစိတ်ကိုထိန်းဖို့ ဟောကြားခဲ့တာပါ။ စိတ်ဆိုတဲ့ဟာ
က မကောင်းတဲ့နေရာမှာ ပိုပြီးတော့ပျော်မွေ့တတ်ပါတယ်။ ဥပမာ ကျနော်တို့ စာကျက်နေတဲ့အချိန် အိပ်ငိုက်တာ မကောင်းမှန်းလူတိုင်းသိပါတယ်။ ဒါပေမယ့် အဲဒီ
မကောင်းတဲ့ အိပ်ငိုက်တာကိုပဲ ကျနော်တို့စိတ်ကလိုချင်တာလေ။ ဒါကိုလူတိုင်းလိုလို
ကြုံခဲ့ဖူးမှာပါ။
ကျနော်တို့ အိပ်ငိုက်တယ်ဆိုတဲ့စိတ်ကနေ စာကျက်ချင်လာအောင် လုပ်ယူရတာလဲ
မလွယ်ပါဘူးနော်။ အိပါငိုက်ပြေအောင် မျက်နှာသစ်ရတာနဲ့ အချဉ်လေးစားရတာနဲ့
အမျိုးမျိုးလုပ်ယူရတယ်။ ဒါတောင် သူကကြာကြာခံတာမဟုတ်ဘူး။ ကျနော်တို့ရဲ့ စိတ်ကို အလိုလိုက်ရင်တော့ မကောင်းတာဖြစ်မှာပဲလေ။
ကျနော်တို့ လူ့ခန္ဓာတစ်ခုလုံးကို ဤစိတ်တစ်ခုက ထိန်းချုပ်ထားတာပါ။ ကြိုက်တာ၊
မကြိုက်တာ၊ ချစ်တာ၊ မုန်းတာ၊ လိုချင်တာ၊ မလိုချင်တာ အို . . . အများကြီးပဲ အဲဒီ
စိတ်တစ်ခုတည်းနဲ့ ဖြစ်နေတာပါ။ ဒါပေမယ့် ဘယ်လိုဘဲပြောပြော အဲဒီစိတ်ကို ထိန်း
နိုင်ဖို့ အခက်သားဗျ။ ကျနော်တာ စိတ်အကြောင်းလေး ရေးနေတာ ကျနော်လည်း ကျနော့်စိတ်ကို အခုထိ ထိန်းလို့မရပါဘူး။
တစ်ကယ်လည်း ဘယ်သူမှလည်း စိတ်ကိုမထိန်းနိုင်ကြပါဘူး။ အနည်းအကျဉ်းမျှသာ
ထိန်းနိုင်ကြတာပါ။ တစ်ကယ်ထိန်းနိုင်တဲ့လူလည်း ရှိနိုင်ပါတယ်။ ဒါကလည်း တစ်ကယ်ရှားပါးပါတယ်။ ကျနော်လည်း ကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်းမြှင့်တင်
ဖို့ တရားစာအုပ်တွေဖတ်နေမိတယ်။ စိတ်ဒုက္ခရောက်မှ တရားစာအုပ်တွေ လိုက်ရှာ
ဖတ်ရတာ ကိုယ့်ကိုကိုယ်တော့ ရှက်မိသားဗျ။ ဒါပေမယ့် မတတ်နိုင်ဘူးလေ ကျနော့်
မှာ ပြေစရာဆိုလို့ သာတွေပဲရှိတာလေ။
အရှင်ဆန္ဒာဓိကရေးတဲ့စာအုပ်တွေကိုဖတ်ပြီးတော့ ကျနော်တစ်ကယ်လည်းစိတ်
သက်သာရာရခဲ့မိပါတယ်။ စိတ်ကနဂိုတိုင်းပြန်ကောင်းသွားတဲ့ အထိတိုင်မဟုတ်
တောင်မှ စိတ်သက်သာရာရတာကိုပဲ ၀မ်းမြောက်မိပါတယ်။ တစ်နေ့တစ်ချိန်မှာတော့
ပြန်လည်ကောင်းမွန်သွားမှာပါ။ အခုက ပူပူနွေးနွေးအချိန်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လေ။အခုကျနော် သတ္တ၀ါအားလုံးကို မေတ္တာပွားနိုင်အောင် ကြိုးစားနေ ပါတယ်။ ကျနော့်အပေါ် ကောင်းခဲ့တဲ့လူတွေရော မကောင်းခဲ့တဲ့လူတွေပါ မေတ္တာ ပွားနိုင်အောင် ကြိုးစားနေမှာပါ။
တစ်ကယ်တော့ လူရယ်လို့ ဖြစ်လာပြီးဆိုကတည်းက ဒုက္ခအတိနဲ့ပါ။ ဒါကိုခံနိုင်လည် ရှိဖို့ လိုအပ်ပါတယ်။ ဒုက္ခကနေ သုခကိုပြောင်းနိုင်ဖို့အတွက် စိတ်တစ်ခုကသာတတ် နိုင်တာပါ။ အဲဒီတော့ ကျနော်တို့ ဘလော့ဂါမောင်နှမများအပါအ၀င် လူသားအားလုံး ကိုယ့်စိတ်ကို ကောင်းမွန်စွာထိန်းနိုင်ပြီး ဘ၀ခရီးကို သာယာဖြောင့်ဖြူးစွာလျှောက် လှမ်းနိုင်ကြပါစေ . . .
ရေးသားသူ မော်စီ at 6:49 PM 2 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Tuesday, December 11, 2007
အလိမ်ခံရခြင်း
ကျနော် အကောင်းဆုံး ပေးဆပ်ခဲ့ပေမယ့် ကျနော် ဘာအကျိုးခံစားခွင့်မှ မရရှိလိုက်ရဘူး။ ပေးဆပ်တုန်း ကလည်း ဘာအကျိုးကိုမှ မမျှော်ကိုးခဲ့ပါဘူး။ ကျနော့်ဘ၀မှာ ဒီလိုမျိုးကြုံတွေ့ခဲ့ဖူးတော့အတွေ့အကြုံလည်းရ ဘ၀သင်ခန်းစာလည်း ရခဲ့ပါတယ်။ နောင်ဆို ဆင်ခြင်ရတာပေါ့။ ဘယ်သူ့ကိုမှလည်း လွယ်လွယ်နဲ့ ယုံကြည်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ကျနော်ပြုလုပ်လိုက်တဲ့ ကောင်းကျိုးတွေအတွက် တစ်နေ့မှာ ကျနော်ပြန်ခံစားရမှာပါ ဒါမှမဟုတ် ကျနော်ရဲ့ အရင်အတိတ်က အကုသိုလ်ဝဋ်ကျွေးတွေ ဤမျှနဲ့ ပြေပျောက်သွားမှာပါ။ နောင်ဒီလို အဖြစ်မျိုးဘယ်တော့မှ မကြုံပါရစေနဲ့လို့ ကျနော်ဆုတောင်းပါတယ်။ ကျနော် အောက်မှာ ရေးခဲ့တဲ့ မျှော်လင့်ချက်လေးတွေကိုလည်း မမျှော်လင့်တော့ပါဘူး။
ကျနော် စိတ်မညစ်တော့ပါဘူး။ ဘာပဲပြောပြော ကျနော်ကံကောင်းသွားတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျနော်က ဘယ်သူကိုမဆို စေတနာနဲ့ကူညီတတ်တဲ့ စိတ်ထားတွေကြောင့် ဓမ္မာဒေ၀ နတ်ကောင်း နတ်မြတ် တွေက ဆောင်မလို့ထင်ပါရဲ့ ကျနော်ဒီလို လိမ်လည်လှည့်ဖျားပြီး သစ္စာမရှိတဲ့ လူတွေနဲ့ တစ်သက်လုံး လက်မတွဲမိတာပါ။ ကျနော်အရင်တိုင်းပဲ ပျော်ပျော်နေဖို့ ဆုံးဖြတ်ထားပါတယ်။ဘလော့ဂါမောင်နှမတွေ ပေးပို့တဲ့မေတ္တာတွေကြောင့် အခု ကျနော်ဘ၀ ပုံမှန်ချီတက်လျက်ပါ . . .
(မှတ်ချက်။ ။ ကျနော်မောပန်းခြင်း ဆိုတဲ့ပိုစ့်ကို ဖျက်သိမ်းလိုက်ပါတယ် ဘာဖြစ်လို့လည်းဆိုရင် လုံးဝသက် ဆိုင်မှုမရှိတော့လို့ပါ။ ကျနော်ကို စိတ်ဓါတ်မကျအောင် အားပေးကြတဲ့ ဘလော့ဂါမောင်နှမတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျနော် အရင်ကလို ပျော်ပျော်နေတတ်တဲ့ မော်စီပြန်ဖြစ်သွားပါပြီး။ )
ရေးသားသူ မော်စီ at 8:20 PM 3 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Saturday, December 8, 2007
မျှော်လင့်ချက်လေးတစ်ခု
လူတိုင်းမှာ မျှော်လင့်ချက်တွေကိုယ်စီရှိနေကြတာ ဧကန်ပဲလေ။ မျှော်လင့်ချက်တွေ တစ်ခုမကလည်း ရှိနေနိုင်ပါတယ်။ ကျနော် မနက်ဖြန်တွေကိုရင်ဆိုင်နိုင်ဖို့ မျှော်လင့် ချက်လေးတစ်ခုနဲ့ ရှင်သန်နေလျက်ပါ။ ကျနော်ရဲ့ အရမ်းကိုအရေးကြီးတဲ့ မျှော်လင့် ချက်တွေထဲက တစ်ခုဆိုပါတော့။ ကိုယ့်ဘ၀အတွက် အရမ်း အရေးမကြီးတဲ့ မျှော်လင့်ချက်လေးတွေရှိနေနိုင်ပါတယ်။ တစ်ခါတစ်လေ မျှော်လင့်ချက်တွေက
လူ့ဘ၀ တစ်ခုလုံးကို ပြောင်းလည်းပစ်နိုင်တယ်လေ။ အကောင်းရော အဆိုးရောပေါ့။
မျှော်လင့်သလိုဖြစ်လာရင်တော့ ပျော်ရွှင်မှုတွေကို ပိုင်ဆိုင်ကြပြီး မျှော်လင့်သလိုဖြစ် မလာတဲ့အခါ ၀မ်းနည်းပူဆွေးမှုတွေကို ရရှိကြရမှာပါ။ ဘယ်လောက်အထိ ပျော်ရွှင်မယ် ဘယ်လောက်အထိဝမ်းနည်း မယ်ဆိုတာ မျှော်လင့်ချက်အပေါ်ထားရှိတဲ့ စိတ်ထားမှာ မူတည်နေပါတယ်။
လောကကြီးမှာ ရှိနေတဲ့ကာလပတ်လုံး မျှော်လင့်ချက်တွေ တစ်ခုမဟုတ်တစ်ခုမက ရှိနေအုံးမှာပါ။ မျှော်လင့် သလိုဖြစ်လာတဲ့အခါရှိသလို ဖြစ်မလာတဲ့အခါလည်းရှိနေမယ်မလွဲပဲလေ။ အဓိကကတော့ ကျနော်တို့ ခံနိုင်ရည်ရှိဖို့ပဲ အရေးကြီးတယ်။ အများအားဖြင့် ၀မ်းနည်းမှုဒဏ်ကို ခံနိုင်ရည်ရှိဖို့ ကြိုးစားကြသလို ပျော်ရွင်ခြင်းဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။
ကျနော်ချစ်တဲ့ ဘလော့ဂါ မောင်နှမများအားလုံး မျှော်လင့်သလို ဖြစ်လာနိုင်ပြီး မျှော်လင့်ချက်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိနိုင်ကြပါစေ . . .
ရေးသားသူ မော်စီ at 12:02 PM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
ရုတ်သိမ်းခြင်း
လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျနော်ဖော်ပြခဲ့တဲ့ ကဗျာနှစ်ပုဒ်ကို ကျနော်ပြန်လည်
ရုတ်သိမ်းလိုက်ပါတယ်။ အကြောင်းပြချက်မပေးနိုင်တဲ့အတွက် ခွင့်လွှတ်ကြဖို့တောင်းပန်ချင်ပါတယ်။
ရေးသားသူ မော်စီ at 11:35 AM 0 ယောက်ကဒီလိုမြင်ပါတယ်
Labels: ကျနော်နှင့်ပက်သက်၍
Monday, December 3, 2007
သဝေထိုးရင်း
တစ်ကယ်ပါ ကျနော်လည်း ပိုစ့်အသစ်တင်ချင်ပါတယ်။ ဘာအကြောင်းရေးရင်ကောင်းမလဲပေါ့။ ဘာမှစဉ်းစား လို့မရဘူး ခေါင်းထဲမှာရေးစရာ ဘာအကြောင်းမှ ကောင်းကောင်းထွက်မလာဘူး။ ဒါနဲ့ပဲ အင်တာနက်မှာ သဝေထိုးရင်း နည်းနည်းထူးတယ်လို့ ထင်တဲ့ပုံတွေကို တင်လိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ကျနော် ပိုစ့်တင်နိုင်အောင်ကြိုးစားပါ့မယ်။ ရှု့ စားကြပါဗျာ . . .
ရေးသားသူ မော်စီ at 3:33 AM 1 ယောက်ကဒီလိုမြင်ပါတယ်
Labels: ထူးဆန်းထွေလာ