Friday, February 29, 2008

ညနေဆည်းဆာ

Photoshop နဲ့ညနေဆည်းဆာလေးလုပ်ကြည့်ရအောင်။ ကျနော်အောက်မှာ ပြထားတဲ့ပုံကို ညနေဆည်းဆာပုံလေးဖြစ်အောင်လုပ်ကြည့်ထားတယ်။



ကျနော်တို့ပြုလုပ်ချင်တဲ့ပုံကို ဖွင့်ထားပြီးဆိုရင် background layer ကို select လုပ်လိုက်ပါ။ အဲပြီးရင် Ctrl+j ကိုနှိပ်လိုက်ပါ။ Layer1 တစ်ခုပေါ်လာပါမယ်။



Layer1 ကို select လုပ်ထားပြီး Image --> Adjustmenes-->Photo Filter ကို click လုပ်လိုက်ပါ။ အောက်မှာပြထားတဲ့ Photo Filter box တစ်ခုပေါ်လာပါမယ်။ Density ကို 100 အထိရွှေ့ပေးလိုက်ပါ။



အဲဒီအဆင့်ထိပြီးပြီးဆိုရင် Image --> Adjustmenes--> Brigheness/Contrast ကို click လုပ်လိုက်ပါအုံး။ Brigheness/Contrast Box တစ်ခုပေါ်လာပါလိမ့်မယ်။ အဲဒီမှာ Brigheness ကို - 10 ထားပြီး Contrast ကို +5 ထားလိုက်ပြီးရင် OK ပေါ့ဗျာ။



အားလုံးကိုလုပ်ပြီးပြီးဆိုရင်တော့ အောက်ကညနေဆည်းဆာပုံလေးကိုရရှိမှာဖြစ်ပါတယ်။

Tuesday, February 26, 2008

ဒီနေ့မှ

ကျနော် အွန်လိုင်းပေါ်မရောက်တာ သုံးရက်လောက်ရှိပါပြီး။ အင်တာနက်က ပျက်နေတာ အဲဒါကိုပြင်ဖို့အင်တာနက်ပြင်တဲ့ရုံးကို ဖုန်းဆက်ထားတာ ဒီနေ့မှ လာပြင်ပေးတယ်။ အဲဒါကြောင့် အခုမှအင်တာနက်ရတယ်။ အင်တာနက်မတက်ရလို့ ကျနော့်မှာ ထမင်းလည်းစားလို့မ၀င်ဘူး
(ခေါက်ဆွဲတို့ ကြာဆံတို့ ကိတ်မုန့်တွေ စားထားလို့) အိပ်လို့လည်းမပျော်ဘူး(တစ်ညလုံး ဗွီဒီယိုထိုင်ကြည့်လိုက် ကိန်းဆော့လိုက်နဲ့ မိုးလင်းခါနီးမှအိပ်ဖြစ်တယ်)။ အင်တာနက်မရတော့ ဘလော့ကိုလည်းမလည်ဖြစ်ဘူးလေ။ လာလည်သွားတဲ့ မောင်နှမတွေကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာ။

သတိရတိုင်းမလွမ်းချင်တော့ပါ

ပေးဆပ်ခဲ့ဖူးတဲ့မေတ္တာတွေ
ယုယခဲ့ဖူးတဲ့အကြင်နာတွေ
စောင့်တည်ခဲ့တဲ့သစ္စာတွေ
ဒါတွေအားလုံး
မင်းကဥပက္ခာပြုတော့
ငါပိုင်တဲ့ဤအရာတွေဟာ
မင်းနဲ့မတန်လို့သတ်မှတ်ရမှာပေါ့ . . .။

လျှောက်ခဲ့ဖူးတဲ့လမ်းလေး
နားခိုခဲ့ဖူးတဲ့အရိပ်ကလေး
ရှုရှိုက်ခဲ့ဖူးတဲ့လေပြေလေး
အားလုံးကအရင်တိုင်းပါပဲ
ပြောင်းလဲသွားတဲ့အရာတွေကို
သတိရနေပေမယ့် သတိရတိုင်း
မလွမ်းချင်တော့ပါ . . .။

Tuesday, February 19, 2008

မ်ာမွဲစွေက် တၝဲကောန်ဂကူမန် မရနုက်ကုဪ (၆၁)၀ါ

မွန်အမျိုးသားနေ့

ဖေဖော်ဝါရီ ၂၂ ရက်နေ့၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ မှာ ကျရောက်မည့် မွန်အမျိုးသားနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဤပို့စ်ကိုတင်ရခြင်း ဖြစ်ပါသည်။

သာသနာသက္ကရာဇ် ၁၀၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ (ပြဿဒါးနေ့) မှာ သာမလရာဇာ၊ ၀ိမလရာဇာ မွန်ဘုရင်ညီအစ်ကိုနှစ်ပါးက ဟံသာဝတီနေပြည်တော်ကို စတင်တည်ထောင်သည့်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

မွန်အမျိုးသားနေ့ကို ၁၃၀၈ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှစတင် ပြုလုပ်ခဲ့ပြီး ယခု ၁၃၆၉ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ ဆိုရင် ၆၁ ကြိမ်မြောက်ခဲ့ပါပြီး။ ၆၁ ကြိမ်မြောက်မွန်အမျိုးသားနေ့ကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုပါသည်။

မွန်အဆိုတော် ပါမောက္ခဆာန်(ပါမောက္ခချမ်း)က မွန်အမျိုးသားနေ့ကို ဂုဏ်ပြု
သီဆိုထားတဲ့သီချင်းတစ်ပိုဒ်ပါ။ လိုချင်သောဆန္ဒရှိပါက ဒီနေရာ မှရယူနိုင်ပါတယ်။




Sunday, February 17, 2008

လျှပ်စီးလက်ခြင်း

ကျနော် အလုပ်လုပ်နဲနဲပါးလို့ Photoshop cs2 ထဲက ကျနော်သိတာလေး တွေကို မျှဝေချင်ပါတယ်။ ကျနော်က ဒီဇိုင်းတွေလုပ်ရတာဝါသနာပါသူတစ်ယောက်ပါ။ အဲဒါကြောင့် လေ့လာရင်းကျနော် သိသလောက်လေးတွေကို မသိသေးတဲ့သူတွေအတွက်တော့ ဗဟုသုတလေးရလိမ့်မယ်လို့ထင်ပါတယ်။

ကျနော်တို့ Photoshop cs2 နဲ့ လျှပ်စီးလက်ခြင်းလုပ်ကြရအောင်။ ကျနော်က ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တကွဖော်ပြထားပါတယ်။

ကဲစကြရအောင် . . .
ကျနော်တို့ပြုလုပ်ချင်တဲ့အရွယ်အစားကို File --> New (ctrl+N)မှာသတ်မှတ်လိုက်ပါ။ အဲဒါပြီးရင်
Layer --> New --> Layer (ctrl+shift+N)မှာ Layer အသစ်တစ်ခုယူလိုက်ပါ။
အဆင့်(၁) ကျနော်တို့ Tools box ထဲက colour ကိုပုံအတိုင်းရွေးလိုက်ပါ။


အဆင့်(၂) ကျနော်တို့ colour ရွေးပြီးပြီးဆိုရင် Filter --> Render --> clouds ကို click လုပ်လိုက်ပါ။ အောက်ကပုံအတိုင်းရရှိလာပါမည်။


အဆင့်(၃) clouds ပုံရလာပြီးဆိုရင် Filter --> Render --> Difference clouds ကို ၃ ကြိမ်လောက် click လုပ်ပေးပါ။ ပုံအတိုင်းရရှိပါမည်။


အဆင့်(၄) ရရှိလာတဲ့ပုံကို Image --> Adjustments --> Invert (ctrl+I)ကို click လုပ်လိုက်ပါ။

အဆင့်(၅) ဒါတွေပြီးရင် Image --> Adjustments --> levels (ctrl+L) ကို click လုပ်ပါ။ Levels box တစ်ခုပေါ်လာပါမယ်။ box ထဲက Input levels မှာ (0- 0.10- 255) လို့ပြောင်းပေးပြီးရင် OK ပေါ့။



အဲရလာတဲ့ပုံကို ကြည့်လို့ကောင်းအောင် Tools box ထဲက clone stamp tool (s) (or)
Eraser tool (E) နဲ့ပဲဖြစ်ဖြစ်ရှင်းလင်းပေးလိုက်ပါ။ အဲဒါဆိုရင် ကောင်းကင်မှာ
လျှပ်စီးလက်နေတဲ့ပုံကိုရရှိလာပါမယ်။

ကျနော်ကလိထားတဲ့ပုံကို အောက်မှာဖော်ပြပေးထားပါတယ်။
ကဲ စိတ်ဝင်စားရင် လိုက်လုပ်ကြရအောင် . . .

Friday, February 15, 2008

များလွန်းလို့

ကျနော် အခုတလောဗျာ တစ်ကယ် ပြောကိုမပြောချင်ဘူး(ပြောချင်လွန်းလို့)။
ကျန်နေသေးတဲ့ အလုပ်အကြွေးနဲ့ ထပ်ရောက်လာတဲ့ အလုပ်အသစ်တွေနဲ့ နပန်း လုံးနေရတယ်တဲ့လေ။ အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ကျနော်လေ ခွင့်အနည်းငယ်ယူ၍ ဘလော့လည်ခြင်း ပိုစ့်တင်ခြင်းများကို ခေတ္တရပ်ဆိုင်း ထားမည်းဖြစ်ပါသည်။

Tuesday, February 12, 2008

ကျနော်နဲ့ ဘလော့ အဲ ချော့ကလက်

တစ်ကယ်ဗျာကျနော့်ကိုမညှာမတာ ပေးလိုက်တဲ့အလုပ်တွေ ကျနော်တစ်လကျော်
ကျော်လောက်ပဲ ခရီးထွက်သွားတာ ဒီလောက်ပေးစရာလား။ ကျနော့်အလုပ်အကြွေး
တွေကျန်နေတာပါ။ အဲဒါနဲ့ အချိန်ရှိခိုက်လုံးလစိုက်ဆိုသလို အချိန်ရှိတုန်းအလုပ်
ကလေးနည်းနည်းလုပ်လိုက်မယ်ဆိုပြီး ကွန်ပြူတာကိုဖွင့်လိုက်တယ် အင်တာနက်
တက်လိုက်တယ် အလုပ်မလုပ်ခင်လေးမှာ ဘလော့ဆီခဏသွားလိုက်မယ်ဆိုပြီး
ဘလော့ထဲကနေပြန်ကိုထွက်မလာနိုင်ဖို့ ကျနော်ကိုဆွဲထားသလိုပါပဲဗျာ။

ဘလော့သံသရာထဲမှာ ကျနော်ညကတော်တော်ညဥ့်နက်မှ အိပ်ယာဝင်ရတယ်။
အခုတလော ကျနော့်ညီလေး အိုဂီဆုကလည်း password မေ့သွားလို့ ငိုနေတယ်
ပြီးတော့ ဘလော့တွေကို လိုက်နှုတ်ဆက်နေတယ်။ သူ့ကိုလည်း ဘလော့ဂါတိုင်းက
အားပေးလိုက်ရတာ အားကိုကုန်ရောပဲထင်တယ်။ အံမယ်အခုတော့ ဘလော့အသစ်
လုပ်နေတယ်ဆိုပဲ သူက DJ ၀ါသနာအိုးဆိုတော့ DJ စတိုင်လ်လုပ်မယ်ထင်တယ်နော်။

ဒီကြားထဲ အကိုမင်းယွန်းသစ်က ပြောတဲ့အတိုင်းမလုပ်လို့ ချိတ်ချိုးနဲ့တဲ့ ဧပြီဖူးကနေ
ဗယ်လင်တိုင်းဖူးတွေ ဖြစ်ကုန်တာပဲ။ မီးလေးကလည်း အရူးလုပ်ခံဆိုပြီး
သူသိသလောက်အရူးလုပ်ခံရသူစာရင်းစုထားသေးတယ်။ အော်ဒါနဲ့ မနက်ဖြန်
ချစ်သူများနေ့ပဲ။ချစ်သူများနေ့ဆိုတော့ ချစ်သူရှိတဲ့လူတွေ ချစ်တဲ့သူနဲ့ပျော်ရွှင်
နိုင်ပါစေဗျာ။ချော့ကလက်တွေတော့ ရောင်းကောင်းတော့မှာပဲ။ ဒီအချိန်မှာ
ချော့ကလက်ရောင်းရင်တော်တော်လေးမြတ်မယ်။ တစ်ကယ်ကျနော်မလိမ်ဘူး ကျနော့်မှာချစ်သူများနေ့နဲ့ပက်သက်ပြီးဘာအမှတ်တရမှမရှိဖူးဘူး ဘယ်သူမှလည်းချော့ကလက်လာမကြွေးဘူး ဟီးအားငယ်လိုက်တာနော်။
အော်သတိရပြီး အမှတ်တရရှိခဲ့ဖူးတယ်။

ကျနော်ကျောင်းတက်တုန်းက ချစ်သူများနေ့ဆိုပြီး ကဗျာစာအုပ်ထုတ်ဖူးတယ်။ ကျနော်
တို့ နည်းပညာကောလိပ်က ကဗျာဝါသနာရှင်တွေကို စုစည်းပြီးထုတ်ထားတာ အဲဒီမှာ
ကျနော့်ကဗျာနှစ်ပုဒ်ပါဖူးတယ်။ အဲဒီတုန်းကမှတ်မှတ်ရရ ကဗျာစာအုပ်ထုတ်ဖို့ ကျနော့်
ဂဏန်းတွက်စက်နဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ရဲ့လက်စွပ် အပေါင်ဆိုင်မှာ
ရက်၂၀ လောက်သွားနေလိုက်ရသေးတယ်။

ချစ်သူများနေ့မှာ ကျနော်ချစ်တဲ့ဘလော့ဂါမောင်နှမတွေကို ချော့ကလက်တွေပေးမယ်
ယူကြနော်။ တစ်ကယ်ကျနော်ဘယ်သူ့ကိုမှ မပေးဖူးဘူး ဒါပထမဦးဆုံးပဲ . . .။
ချစ်သူများနေ့မှာ ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ . . .။




Monday, February 11, 2008

ကျနော်နှင့် ပတ်ဝန်းကျင်

ကျနော်တို့အမိဝမ်းမှကျွတ်ပြီး လူ့လောကကိုရောက်လာတာနဲ့ ကျနော်တို့ရဲ့ပတ်ဝန်း
ကျင်က ရှိနှင့်နေပြီလေ။ ပတ်ဝန်းကျင်ဆိုတာ ကဲ့ရင့် ၇ ရက်၊ ချီးမွမ်း ၇ ရက် ဆိုတဲ့
အတင်းပြောတဲ့ ပတ်ဝန်းကျင်ကို မဆိုလိုချင်ပါ။

ကျနော်တို့ရှိနေတဲ့ နိုင်ငံ၊ ပြည်နယ်၊ မြို့ရွာ၊ ရပ်ကွက် အစရှိသည့်အရာတွေဟာ ကျနော်
တို့ဘ၀ရဲ့ အဆင့်အတန်း၊အသိပညာ အတတ်ပညာ၊ အနာဂတ် စသာတွေကို တိုးတက်
အောင် ဆုတ်ယုတ်အောင် တစ်ဖက်ဖက်မှအထောက်အကူပေးနိုင်တဲ့ ကျနော်တို့ရဲ့
ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။

ကျနော်ငယ်ငယ်တုန်းက တောရွာမှာနေရတော့ ကျနော့်ပတ်ဝန်းကျင်က တောဓလေ့
တောအကျင့်စရိုက်တွေနဲ့ပဲ ရင်းနှီးခဲ့ရတယ်။ ကျနော့်ပတ်ဝန်းကျင်မှာ အဲဒီအရာတွေပဲ
ရှိတော့ ကျနော်မှာ ပတ်ဝန်းကျင်ကပေးတဲ့အသိတရား အတတ်တရားတွေနဲ့ပဲ ချီတက်
ခဲ့ရတာပေါ့။ ကျနော်ရွာမှာနေတုန်းက ကျောင်းကိုလမ်းလျှောက်ပြီးသွားရတာလေ။
ကျနော့်ရဲ့ မြင်ကွင်းမှာ လယ်ကွင်းတွေ နွားလှည်းတွေ ထောလာဂျီကားတွေ ဖုန်တစ်
လိပ်လိပ်နဲ့ပေါ့။

နောက်တော့ ကျနော်မြို့ကိုပြောင်းသွားတယ်။ ကျနော့်ပတ်ဝန်းကျင်လည်းပြောင်း
သွားတာပေါ့။ တောရွာတစ်ရွာရဲ့ပတ်ဝန်းကျင်နဲ့မြို့တစ်မြို့ရဲ့ ပတ်ဝန်းကျင်နဲ့တော့ ဘာနဲ့မှမဆိုင်ဘူးပေါ့။အဲမြို့မှာတော့ ကျနော်ကျောင်းကို စက်ဘီးနဲ့သွားရတယ် (အတန်းလည်းနည်းနည်းကြီးလာတယ်ဆိုတော့)။ကျနော့်ရဲ့မြင်ကွင်းထဲမှာကားတွေ
စက်ဘီးတွေ ဆိုင်ကယ်တွေ တိုက်အိမ်တွေ စတိုးဆိုင်တွေ စားသောက်ဆိုင်တွေ
ကစားကွင်းတွေ ဟာအများကြီးပဲ။

မြို့ရဲ့ပတ်ဝန်းကျင်က တောရဲ့ပတ်ဝန်းကျင်ထက် အများကြီးသာတာပေါ့။ ဒါပေမယ့်
ကျနော်နေတဲ့မြို့ကမီးမမှန်ဘူး ရေလည်းမမှန်ဘူး အဲဒီတုန်းက ဖုန်းလည်းမရှိသေးဘူး။
ဆက်သွယ်ရေးကလည်းမကောင်းဘူး။ ဒါပေမယ့် မြို့ကပေးတဲ့ အသိတရား အတတ်
တရားတွေကို အတိုင်းအတာတစ်ခုအထိ ကျနော်ရရှိခဲ့ပါတယ်။

ကျနော်ဆယ်တန်းအောင်တော့ နည်းပညာကောလိပ်ကိုတက်တယ်။အသက်နည်းနည်း ကြီးလာတော့အမြင်တွေလည်း နည်းနည်းကျယ်လာတယ်ပေါ့။ လောကတွေလည်း
စုံသင့်သလောက်တော့ စုံခဲ့ပါတယ်။ ဒီအချိန်အထိကျနော့်မှာ ကွန်ပြူတာတို့
အင်တာနက်တို့နဲ့ ဘာရင်းနှီးမှုမှမရှိခဲ့ဘူး။အဲ ကျနော်ကျောင်းပြီးတော့ ပြည်ပကိုရောက်လာခဲ့တယ်။

ကျနော့်ရဲ့ ပြည်ပကပတ်ဝန်းကျင်မှာ ကျနော်ကျင်လည်ခဲ့တဲ့ ဘာမှမဆိုင်တဲ့
ပတ်ဝန်းကျင်အသစ်ကြီးနဲ့ပေါ့။ မြင်ကွင်းက တော်တော်လေးစုံလင်တယ်ပြောပြရင် ဆုံးမှာမဟုတ်တော့ဘူး။ကျနော် ကွန်ပြူတာတို့ အင်တာနက်တို့နဲ့ တွေ့ထိတဲ့အချိန်မှာ
အသိတရား အတတ်တရားတွေအများကြီးရခဲ့ပါတယ်။ နိုင်ငံတကာမှာရှိတဲ့
လူကြီး၊ လူငယ်၊ ကလေး တွေနဲ့ တွေ့ထိခဲ့ရတယ်။

ကျနော် ကွန်ပြူတာ အင်တာနက် နည်းပညာတွေနဲ့ စတင်ထိတွေ့တဲ့အချိန်မှာ
နိုင်ငံတကာကကျနော်နဲ့အရွယ်တူလူငယ်တွေ ကျနော့်ထက်ငယ်တဲ့ကလေးတွေ
တော်တော်လေးခရီး ရောက်နေကြပြီး။အဲဒါတွေတွေ့တော့ ကျနော့်စိတ်ထဲမှာ
တစ်ခုတစ်ခုအတွက် ၀န်လေးနေမိတယ်။အဲဒါကဘာလည်းဆိုတော့ကျနော်အရင်
ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်မှာကျန်ရှိနေသေးတဲ့ ကျနော်နဲ့ရွယ်တူလူငယ်တွေ
ကလေးတွေ။ သူတို့တစ်တွေနိုင်ငံတကာက လူငယ်တွေကလေးတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ သူတို့ရဲ့ပတ်ဝန်းကျင်ကမဆောင်ကျဉ်းပေးနိုင်ဘူးလေ။

သူများတစ်ကာတွေ ကျင်လည်နေတဲ့ ခေတ်မှီတဲ့ပတ်ဝန်းကျင်တွေကိုကျနော်တို့ လူငယ်တွေလည်းကျင်လည်နိုင်ဖို့ . . . ။

Saturday, February 9, 2008

မွေးနေ့ဆုတောင်း

ဒီနေ့ ဖေဖော်ဝါရီလ 10 ရက်နေ့ ကျနော့်အစ်ကိုတစ်ယောက်လိုခင်ရတဲ့ ကိုချစ်ဦးရဲ့
33 နှစ်မြောက်မွေးနေ့ပဲဖြစ်ပါတယ်။ 33နှစ်မွေးနေ့မှသည်နောက်နှစ်ပေါင်းများစွာ
တိုင် ၀ါသနာပါရာအလုပ်ကို လုပ်ကိုင်နိုင်ပြီး ချစ်တဲ့သူနဲ့အမြန်ဆုံး
အတူတူနေထိုင်ရပါစေဗျာ . . .။

Friday, February 8, 2008

ဘေလာ့ဂ္ဂါဘ၀



မြန်မာ ဘလောက်ဂါ တွေ ဖြစ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေ ကို အခြေခံပြီး ရေးဖွဲ့ထားတဲ့ အေးအေးလေး သီချင်းတွေ အများစုပါဝင်ပါတယ်…။ တေးရေးတွေ ကတော့ ကိုမျက်လုံး၊ မင်းယွန်းသစ်၊ ကိုဂေါက်၊ မောင်ခ အော် ရေးရင်းနဲ့ old blog band က လူအကုန် ကုန်ပြီ။ အော် ဘလောက်ဂါတွေ တွေကြုံခဲ့ရတဲ့ အဓိက အဖြစ်အပျက် တွေကို သီချင်း အအေး တွေနဲ့ ဖွင့်ချထားပါတယ်..။ ဘလောက်ဂါတွေလဲ ဒီပို့စ်ကို ၀ိုင်း ကြော်ငြာပေးကြ အုံးနော်..။ စပွန်ဆာက mbs ပါ။ နားထောင်ကြည့်လိုက်ပါ။ တခုခု တော့ ကိုယ်ဘ၀ တစ်ပိုင်းတစ်စ နဲ့ သွားပြီးတိုက်ဆိုင် ချင် တိုက်ဆိုက်နေပါလိမ့်မယ်.။ အောက်မှာ ဘလောက်မှာဖော်ပြဖို့ linkရေးပေးထားတယ်..။ ယူသွားပြီး ဘလောက်မှာ ကြော်ငြာပေးနော်…။

(img ALT=”funny news01″ SRC=”http://artofkha.files.wordpress.com/2008/02/funny-news01.jpg” /)

လက်သဲကွင်းများ နေရာတွင် '<' နှင့် '>' တို့အစားထိုးရန်

(ဤပို့စ်ကို မေပျိုဘလော့ဂ်မှ ပြန်လည် ကူးယူဖော်ပြပါသည်။)

Thursday, February 7, 2008

လက်ဆောင်နှင့်စားစရာ

ခရီးအပြန်လက်ဆောင်တွေနဲ့ စားစာစရာတွေပါ။ ထူးထူးခြားခြားတွေမဟုတ်ပေမယ့် ပြည်ပမှာရှိနေတဲ့ဘလော့ဂါမောင်နှမတွေအတွက်တော့ စားချင်စရာတွေဖြစ်ချင်ဖြစ်မှာပါ။ ကျနော်လက်ဆောင်တွေက ဒီလောက်ပါပဲ နောက်တစ်ခါ ခရီးထွက်မှ . . .

ဒါကကျိုက်က္ခမီက ၀ယ်လာတဲ့လက်ဆောင်တွေပါ။

အုန်းခညက်တဲ့

ထန်းခညက်စစ်စစ်နော် ထန်းတောထဲမှာ သိုင်းကွက်နင်းပြီးဝယ်လာတာ။

ခညက်စားပြီးရင် ရေနွေးကြမ်းလေးသောက်သွားအုံးနော်

ရည်းစားစာ

ဘယ်လိုသဘောမှ မဟုတ်ပါဘူး။ ကျနော့်ရဲ့ဘလော့ဂါ ညီအကိုတွေအတွက်
ကောင်းမလေးတွေကို ပိုးပန်းလို့ရည်းစားစာရေးတဲ့အခါ အထောက်အကူများ
ဖြစ်မလားလို့ပါ။ (မှတ်ချက်။ ။ စာကိုဆုံးတဲ့အထိဖတ်ပေးပါ)

အချစ်ရေ . . .

တစ်ကယ်တော့ ကိုယ်ဆိုတာခေါင်းနဲ့တစ်ဆက်တည်းပါကွာ။ ကိုယ်လေ မင်းလေးအရမ်းချစ်လွန်းလို့ မင်းလေးရဲ့မျက်နှာကို လမင်းနဲ့မနှိုင်းရက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကသိပ္ပံတွဲနဲ့ ကျောင်းပြီးထားလို့ပေါ့။ မင်းလေးအတွက်ဆိုရင် ကိုယ်ဘာကိုမဆိုစွန့်လွှတ်ရဲတယ်လို့ ပြောရင်မင်းလေးယုံမှာ မဟုတ်လို့ ကိုယ်မပြောတော့ပါဘူး။ ပြောနေရင်ကြာတယ် မပြောရင်မကြာဘူးပေါ့နော်။ မင်းလေးကိုယ့်ကိုပြန်ချစ်မယ် မဟုတ်လားဟင်။ ကိုယ့်ကို တစ်ကယ်လို့ပြန်ချစ်နိုင်ရင် ကိုယ့်ရဲ့စာကို ဆုံးတဲ့အထိဖတ်ပေးပါနော် . . .။

Wednesday, February 6, 2008

တစ်ချို့ပဲ . . .

ကျနော်ခရီးကပါလာတဲ့မုန့်တွေတင်ဖို့ ကင်မရာကဓာတ်ခဲကုန်နေလို့အားဖြည့်ထားတုန်း။
လာမည် မကြာမှီပေါ့နော်။ ကျနော် မွန်ပြည်နယ်ကို ခရီးထွက်သွား
တာပါ။ အလည်ဆိုပါတော့ သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ကျိုက်က္ခမီ- စက်စဲ လည်းသွားခဲ့သေးတယ်။ တော်တော်လေး ပျော်ခဲ့ပါတယ်။ အမှတ်တရဓါတ်ပုံရိုက်ခဲ့ချင်ပါသော်လည်း ကျနော့်ကင်မရာက အိမ်မှာအိပ်ပျော်ကျန်ခဲ့တယ်လေ။ မုဒုံမှာ ကိုချစ်ဦးနဲ့တွေ့ခဲ့တယ်။ ကျနော်အခု အချိန်သိပ်မရသေးလို့ ခရီးအကြောင်းကို နောက်မှ စုံစုံလင်လင်ရေးတော့မယ်။ အနှစ်ရော အကာရောပေါ့။ ကျနော့် ခရီးမှာ ပျော်စရာတွေကောင်းသလို စိတ်ပျက်စရာလည်းကောင်းခဲ့ပါတယ် . . .။

Tuesday, February 5, 2008

ပြန်ရောက်ပါကြောင်း

ကျနော် အခုနေရာကို ပြန်ရောက်ပါကြောင်း ဘလော့ဂါမောင်နှမတွေကို
သတင်းပို့ပါတယ်။ကျနော် ညတုန်းကရောက်တာပါ ခရီးပန်းလို့စောစောအိပ်ယာ
ဝင်လိုက်တယ်။ အခုပြန်ရောက်ကြောင်းသတင်းပို့တာလောက်ပဲ နောက်မှ
လက်ဆောင်တွေကိုတင်မယ်လေ။ ခရီးသွားတာနည်းနည်းကြာသွားလို့
ကျနော့်မေ့သွားကြပြီးထင်နေတာ တော်သေးတာပေါ့။ ကျနော်မရှိတုန်း
ကျနော်အိမ်(ဘလော့)ကို လာရောက်စောင့်ရှောက်ပေးကြတဲ့ ကျနော့်ရဲ့
ဘလော့ဂါမောင်နှမအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။