Thursday, November 29, 2007

ပြန်ရောက်ကြောင်း

ကျနော်မနေ့ညက ၇း၁၀ လောက်မှာအိမ်ကိုရောက်ပါတယ်။ ရောက်ရောက်ခြင်း ပြန်ရောက်ကြောင်း သတင်းပို့ ချင်ပေမယ့် ကားကိုတစ်နေ့လုံးစီးလာတော့ ခန္ဓာကိုယ်က ဘယ်လိုမှမတတ်နိုင်တော့လို့ပါ။ ခရီးပန်းလာ တယ်ထင်ပါ့ နေလို့သိပ်မကောင်းသလိုပဲ။ ကျနော်နည်းပညာ သင်တန်းလေး သွားတက်တာပါ။ ဘာတွေရခဲ့လည်းဆိုတော့ ကျနော်ပြန်စဉ်းစားရအုံးမယ် ပြီးတော့ အဲဒီပညာတွေကို အသုံးချနိုင်ဖို့ တော်တော်လေး အချိန်ယူပြီး လေ့လာရအုံးမှာပါ။ ကျနော်ရခဲ့တဲ့ပညာတွေကို အလျင်းသင့်သလို တင်ပြ သွားပါမယ်။ အဓိကကတော့ ကျနော်ပြန်ရောက်ကြောင်းသတင်းပို့တာ ပြီးတော့ မုန့်ကျွေးချင်တာရယ်ပါ။ မုန့်စား သွားကြနော်။




အမှန်မှာမုန့်က လေးမျိုးလောက်ဝယ်လာတာ ကျနော်တို့အိမ်က မြင်မခင် ချမခင် အဖွဲ့ဝင်တွေလေ ဒါလေးပဲ စားပြီး ကျေနပ်ကြပါနော် နောက်တော့မှ . . .



Sunday, November 18, 2007

အခုကျနော်

ကျနော် မနက်ဖြန်အစောကြီး ခရီးသွားရပါမယ်။ အခုလည်း ခရီးအတွက်ပြင်ဆင်ရင်း
ခရီးသွားရမယ့်အကြောင်းရေးနေတာလေ။ လိုအပ်တဲ့ပစ္စည်းတွေတော့ အားလုံးနီးပါး ထည့်ထားလို့ပြီးပြီးထင်ပါတယ်။ တစ်ပတ်ကျော်ကျော်လောက်ကြာမယ်။ အဲဒါကြောင့် ကျနော်ပိုစ့်တွေတင်နိုင်မှာ မဟုတ်သလို ဘလော့မောင်နှမတွေဆီကိုလည်း လာလည် နိုင်မည်မဟုတ်ပါ။ ဒါပေမယ့် အခြေအနေအရ လာလည်လို့ရခဲ့ရင် လာပါ့မယ် အဓိက ကတော့ ကိုအင်တာနက်ကြီးပေါ့။ ကျနော်ပြန်လာမှ ခရီးသွားတဲ့အကြောင်းတွေကို တင်တော့မယ်။ ကျနော် အိမ်မှာမရှိပေမယ့် လာလည်ကြပါနော်။ အမှာတော်တွေ လည်းပါးခဲ့ကြပါ။ကော့မန်းတွေလည်းပွတ်သွားကြပေါ့။ဘလော့ကာမောင်နှမတွေ အားလုံး ပျော်ရွှင်ကြပါစေ . . .

Friday, November 16, 2007

ရွှေချသိမ်းထားဖို့

မိုးကောင်းကင်မှာ
တိမ်တွေ ဖရိုဖရဲနဲ့
လှပနေတယ် ချစ်သူ . . .

ကမ္ဘာမြေပြင်မှာတော့
မင်းရဲ့အလှနဲ့
အရာရာ ကဗျာဆန်နေလေရဲ့ . . .

ရင်ခုန်အောင် ပြုံးတတ်တဲ့
မင်းလေးရဲ့ နှုတ်ခမ်းတစ်စုံကို
ရွှေချသိမ်းထားဖို့
အခု . . . ကိုယ်
ရွှေတွေစုနေတယ် . . .

Thursday, November 15, 2007

အချစ်အကြောင်းတဲ့

အချစ်ဆိုတာဘာလဲတဲ့ ကိုအောင်မျိုးဟန်က မေးပြီး tag သွားတယ်။ အချစ်ဆိုတာအချစ်ပေါ့ ဟဲဟဲ အပျော်ပါ အချစ်ဆိုတာ လူသားတိုင်းနဲ့ မကင်းတဲ့ စိတ်ခံစားမှု တစ်ခုလို့ ကျနော်မြင်ပါတယ်။ ဘယ်အရာမဆို အကောင်းနဲ့ အဆိုး ဆိုပြီးရှိတယ် အချစ်မှာလည်း ဒီအတိုင်းပါပဲ။

မိဘတွေကို ချစ်တဲ့အချစ်၊ ဆွေမျိုး၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူရည်းစား၊ သက်မဲ့ပစ္စည်းတွေ၊ တိရစ္ဆာန်လေးတွေ တော်ပြီးဆက်ရေးနေရင် ဆုံးမှာမဟုတ်ဘူးလေကကြီးမှာ လူတိုင်းတစ်ယောက်တစ်မျိုးစီ ချစ်နေကြတာပဲလေ။ အဲဒီခံစားမှုနဲ့ပဲ ကဗျာတွေရေး၊ သီချင်းတွေစပ်၊ ၀ထ္တုတို/ရှည်၊ ဆောင်းပါး အဟာ အများကြီးပဲလေ။ အဲဒီအထဲမှာမှ ချစ်သူရည်းစားကို ချစ်တဲ့အချစ်က နာမည်အကြီးဆုံးပဲ။

ပေးဆပ်အချစ်၊ ရယူပိုင်ဆိုင်တဲ့အချစ်၊ အပျော်ချစ်၊ တကယ်ချစ်၊ မချစ်တချစ်၊ မထင်ကြီးလို့ချစ်၊ သနားချစ် ဒါတွေလည်းအများကြီး ဒီလိုပဲလေ လောကကြီးမှာ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား။ အချစ်ကို ခံယူထားချင်း ဘယ်တူပါ့မလဲနော်။

နောက်တစ်ခု အချစ်ဆိုတာလည်း အတ္တတစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဥပမာဗျာ တစ်ယောက်ယောက်ကို ချစ်မိသွားပြီးဆိုပါတော့ သူလေးနဲ့တွေ့ချင်တယ် အချစ်စကားလေးတွေ ပြောချင်တယ် အဲလို လုပ်ချင်တာတွေ အများကြီးပေါ့ သူ့ကိုမတွေ့ရရင် မပျော်ဘူး ခွဲနေရရင်လွမ်းတယ်ပေါ့ မင်းမရှိရင် ကိုဘယ်လိုနေရလဲ ကိုမနေတတ်ဘူး စတာတွေပေါ့ အဲဒီခံစားမှုတွေက ဘယ်သူ့အတွက် ခံစားနေတာလဲ။ အသေအချာ စဉ်းစားကြည့်တော့ ကိုယ့်အတ္တအတွက်ပဲလေ။ သူ့ကိုမတွေ့ရရင် မပျော်ဘူး တွေ့ရရင်ပျော်မယ်ပေါ့ဗျာ။ တစ်ကယ်တော့ ကိုယ်ပျော်ရွှင်ဖို့ သူ့ကိုတွေ့ချင်တာရော မဖြစ်နိုင်ဘူးလား။

အချစ်ဆိုတာ ရိုးရိုးလေးပါ။ အချစ်ကြောင့် ပျော်ရွှင်တာရှိသလို ၀မ်နည်းတာလည်းရှိမှာပါ။ အချစ်ကြောင့် ဘ၀တိုးတက်အောင်မြင်နိုင်သလို ဘ၀လည်းပျက်သွားနိုင်ပါတယ်။ အချစ်ကြောင့် ပျော်ရွှင်နေရတဲ့လူတွေက အချစ်ကောင်းကြောင်းတွေပြောပြီး အချစ်ကြောင့် ၀မ်းနည်းနေတဲ့လူတွေတော့ အချစ်ရဲ့မကောင်းကြောင်းကို ပြောကြပါလိမ့်မယ်။

အချစ်အကြောင်းလေး . . . ရေးရင်းနဲ့ အချစ်ကြောင့် လူတိုင်း ပျော်ရွှင်နိုင်ပါစေ

ဆက် tag လိုက်အုံးမှ . . .
နှင်းသဇင်
မေပျို
ဂျေဂျေ ရေးပေးကြနော် အချစ်အကြောင်းလေ ။



Saturday, November 10, 2007

ယုံတမ်းစကား . . .

ကျနော် ညတုန်းက တော်တော်နဲ့အိပ်မပျော်ဘူး ဒါနဲ့အိပ်ပျော်အောင် စာဖတ်မယ် ဆိုပြီး စာဖတ်ပါလေရော ဖတ်တဲ့စာအုပ်က ဟာသဆိုတော့ ဘယ်လိုလုပ်အိပ်ပျော်မှာလဲ။ ဒါနဲ့ပဲမထူးပါဘူးဆိုပြီး ဒီအတိုင်းပဲအိပ် လိုက်တာ ဘယ်အချိန်အိပ်ပျော်သွား လဲမသိပါဘူး။

မိုးကလည်း သဲသဲမဲမဲကိုရွာလို့ဗျာ လမ်းကလည်းဗွက်တွေနဲ့ဆိုတော့ ချော်တာပေါ့ ဗွက်အိုင်နားမှာ ချော်ကျတာဗျာ ဖုန်ပါထသွားတယ်။ မထူးသောပါဘူး ကိုယ့်ဟာကိုယ် ထူပြီးထရတာပေါ့။ အဲဒါနဲ့ လမ်းလျှောက်ရင်း ရွာထိပ်ကိုရောက်တော့ မကျည်းပင် တစ်ပင်တွေ့တယ် အားပါးပါး မကျည်းသီးတွေကလည်းအများကြီးပဲဗျို့။ မကျည်းပင်က အတော်လေးမြင့်တယ် ဘယ်လိုပဲဖြစ်ဖြစ် အပင်ပေါ်တက်ပြီး မကျည်း သီးခူးရမှပဲဆိုပြီး တက်တော့အပင်ပေါ်ရောက်တာပေါ့။

မကျည်းသီးတွေကလည်းများ လွန်းတော့ ဘယ်ဟာကိုခူးရမှန်းတောင်မသိဘူး။ မကျည်းသီးတွေကို အားပါးတရခူးပြီး ပြန်ဆင်းမယ်လုပ်တော့ အား ဒါမှဒုက္ခပဲ ပြန်မဆင်းတတ်တော့ဘူး ခုန်ချရမှာလဲအမြင့်ကြီးပဲလေ ဆင်းတာမတော်လို့ ခြေချော်ပြီး ပြုတ်ကျသွားရင် ခါးကျိုး ဒါမှမဟုတ် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။ဘယ်လို လုပ်ရင်ကောင်းမလဲ စဉ်းစားတော့ အကြံတစ်ခု ရတယ် လှေခါးနဲ့ဆင်းမယ်ပေါ့။ အဲဒါနဲ့ ရွာထဲကိုဝင်ပြီး အကြီးလှတို့အိမ်မှာ လှေခါးသွားဌားတာရလာလို့ပေါ့။ ဒါမှမဟုတ် ဆင်းလို့ရမှာမဟုတ်ဘူး။

အစောကြီးရှိသေးတယ် အိမ်မပြန်သေးဘူး အဲဒီနားကချောင်းမှာ ငါးထိုင်မျှားလိုက် သေးတယ် အတော်လေးကြာတော့ ငါးတစ်ကောင်မိတယ်ဗျို့ ကျနော်ငါးမျှားတံကို ဆွဲတာ ဘယ်လိုမှမနိုင်ဘူး ငါးကတော်တော်ကြီးပုံရတယ်။ မထူးတော့ပါဘူး ကျနော်တစ်ခါတည်း ရေထဲခုန်ချလိုက်တယ် အားပါးပါး နည်းတဲ့ငါးကြီးမဟုတ်ဘူး တော်တော်လေးကိုကြီးတယ်ဗျာ ဘယ်အရွယ်လောက်ရှိမလဲဆိုရင် TITANIC ကားထဲ ပန်ကာကြီးလောက်ရှိတယ်။ ကျနော်တစ်ယောက်တည်း သယ်မနိုင်တာနဲ့ ရေအောက်မှာပဲ မီးမွှေးပြီးကင်စားလိုက်တယ် ငါးကကြီးတော့သုံးလလောက်စား လိုက်ရတယ်။

ဘာလဲမယုံဘူးလား တစ်ကယ်ပြောတာ မယုံလည်းနေပေါ့ မယုံရင်သူတို့တွေကို သွားမေးကြည့်လိုက် ပြောပြကြလိမ့်မယ် ပြောပြမယ်မဟုတ်လား . . .

Chaos
မီးလေး
ဝင်္ကပါ
အောင်မျိုးဟန်

Thursday, November 8, 2007

ကြောက်တတ်ခြင်း

ကျနော်တို့လူသားတွေမှာ စိတ်ခံစားမှုတွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အားနာမှု၊ ကြောက်ခြင်း၊ ရှက်ခြင်း တော်ပြီးတော်ပြီး ဆက်ရေးနေရင် ကျနော်ရေးချင်တဲ့ အကြောင်းရေးရမှာမဟုတ်တော့ဘူး။ ဒီလိုဗျ ကျနော့်ကို ကိုကောင်းကင်ကိုက ကြောက်တတ်တဲ့သတ္တ၀ါများကြောင်း ရေးဖို့ tag ထားလေရဲ့။ အဲဒီတော့ ကျနော်ကြောက်တတ်တဲ့ သတ္တ၀ါကြောင်းကို ရေးတော့မယ်ဗျာ . . .

ကိုကောင်းကိုက ကြွက်ကိုကြောက်တယ်တဲ့။ ကျနော်ကတော့ ကြွက်ကိုမကြောက် ပေါင်။ သူနဲ့ကျနော်က ပြောင်းပြန်ဗျ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မြွေကို ကြောက်တာကိုး။ ကျနော်က မြွေဆိုဘာမြွေဖြစ်ဖြစ်ကြောက်တယ်ဗျ။ အဆိပ်ရှိတာရော မရှိတာရော ရေမြွေရော ကြက်ဥခိုးတဲ့မြွေရော။ ကျနော်မြွေကို ဘယ်လောက်အထိကြောက်လဲဆိုတာကို ဆက်ပြောပြမယ်။ ကိုယ့်ဘာသာကိုယ် ဖတ်ပြီး နားထောင်မယ်မဟုတ်လား။

မြွေကိုဘယ်လောက်ကြောက်လဲဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို့ကမြွေအကြောင်း တွေပြောနေရင် ကျနော်ခြေထောက်ကို အသာလေးခုံပေါ်တင်လိုက်တယ် ခဏနေ မြွေခုံအောက် ရောက်နေရင် ဘယ်နဲ့လုပ်မလဲနော်။ ဒီနားမှာ မြွေတစ်ကောင်တွေ့တယ်ဆိုရင် မော်စီတို့ကတော့ သူများတွေလို ဒုတ်ကိုင်ပြီး လိုက်ရှာမှာမဟုတ်ဘူး အဲအနားကနေ ဟိုအဝေးကို ပြေးပြီးသာမှတ်။ မြွေတွေ့လို့ ``မော်စီရေ လုပ်ပါအုံး ဒီမှာမြွေတစ်ကောင်ဆိုရင်´´ ပြောတဲ့လူရဲ့ အမှားပဲ မော်စီတို့ကတော့ မြွေရှိတဲ့အနားမှာကို မနေတော့ဘူး။

ကျနော်တို့အိမ်မှာဆို ခြံထဲမှာမြွေတွေ့လို့ဆိုရင် အမေကလက်မြန်တယ် သူပဲရှေ့ဆုံးကလိုက်ရှာတယ်။ ကျနော့်အကိုဆို မြွေတွေ့ပြီးဆိုရင် မတွေ့တွေ့အောင် လိုက်ရှာတယ်။ မော်စီတို့နဲ့ကွာပါ့ ။ ဒီလိုပါပဲ ကျနော်တို့လူတွေ အားလုံးက ယောက်တစ်မျိုးစီ ကြောက်ကြတာပါပဲလေ။ မကြောက်တဲ့လူလဲ ရှိချင် ရှိမှာပေါ့။ အဲဒီတော့ ကျနော့် blogger မောင်နှမတွေထဲက သူတို့တွေကို ဆက် tag လိုက်မယ် ရေးပေးနော် . . .

နေလင်း
ဆုဝေ
okisu

Sunday, November 4, 2007

ရွှေဟသာင်္ကိုပျံစေချင်ပြီး ရာမညမြေဆီ


ဟိုးရှေးနှစ်ပေါင်းများစွာကတာည်းက ကိုယ့်ထီး ကိုယ့်နန်း၊ စာပေ၊ ယဉ်ကျေးမှု တွေနေလာကြတာ သမိုင်းက သက်သေတည်ပါတယ်။ ရွှေဟသာင်္ဆိုတာ ကျနော်တို့ မွန်လူမျိုးတွေရဲ့ အထိမ်းအမှတ် အမှတ် အသား တစ်ခုပါ။ ရွှေဟသာင်္ကိုမြင်တာနဲ့ မွန်လူမျိုးကို အထူးပြုထားမှန်း သိသာပါတယ်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြပါတယ်။

ဟံသာဝတီ မွန်နိုင်ငံတော်ကြီး ကျဆုံးပြီးကတည်းက ကျနော်တို့ မွန်လူမျိုးတွေထီးမဲ့ နန်းမဲ့ ဖြစ်ခဲ့ကြတာ အခုချိန်ထိပေါ့။ ကိုယ့်ပစ္စည်းကို ကိုယ်ပြန်လိုချင်တာ သဘာဝကျပါတယ်။ သူများပိုင်ပစ္စည်းကို အတင်းလုယူတာမှ မဟုတ်တာ။ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကိုပဲ ကိုယ်သုံးချင်တာ နည်းလမ်းကျပါတယ်။ ကိုယ့်
စကား၊ စာပေ၊ ယဉ်ကျေးမှု စတဲ့ အရာတွေကိုပဲ အသုံးပြုချင်တာပါ။ ဒါပေမယ့်ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းကို သုံးခွင့်မရတာ ဘာကြောင့်လဲ။ ကျနော်တို့မှာကိုယ်ပိုင် စကား၊ စာပေ၊ ယဉ်ကျေးမှု စတဲ့အရာတွေ ရှိနေပါလျက်နဲ့ ဘာဖြစ်လို့ အသုံးပြုခွင့် မရတာလဲ။ တွေးကြည့်ရင် ရင်နာစရာတွေပါ။

ရာမညမြေမှာ ရွှေဟသာင်္တွေ နားမှာပေါ့ ဘာဖြစ်လို့ ဆွမ်းအုပ်က နေရာဝင်ယူရတာလဲ ကိုယ့်မြေမှာ ကိုယ့်စာပေ၊ ယဉ်ကျေးမှု အသင်းအဖွဲ့တွေရှိမှာပေါ့ ဘာဖြစ်လို့ ပိတ်ပင်တာလဲ တားဆီးရလဲဗျာ။ ရာမညမြေမှာ ရွှေင်္ဟသာမှ မရှိရင်မွန် စကား၊ စာပေ၊ ယဉ်ကျေးမှုတွေမှမရှိရင် ရာမညမြေက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။

ရွှေင်္ဟသာ ရာမညမြေဆီ ပျံသန်းနိုင်ဖို့ သမိုင်းကပေးတဲ့တာဝန်ကို ထမ်းဆောင်ရမှာ ကျနော်တို့ မွန်လူမျိုး တွေရဲ့ ကြီးလေးတဲ့တာဝန်တစ်ရပ်ပါ။ မွန်လူမျိုးတိုင်းဘယ်နေရာပဲရောက်ရောက် ဘယ်အခြေအနေပဲရှိရှိ တတ်စွမ်းသလောက်ထမ်းဆောင်သင့်တယ်လို့ ကျနော်ထင်မြင်မိပါတယ်။

Saturday, November 3, 2007

အချစ်ဆူး

မြောက်လေမြူးတဲ့
ဒီဆောင်းအကူးမှာ
အချစ်ဆူးတွေလည်း
ဆူးခဲ့ ပြီးပေါ့ . . .

မြောက်လေတဝှေ့မှာ
အချစ်နဲ့တွေ့တော့
အချစ်ဆူးတွေ အဆိပ်တက်
အရူးအမူးပေါ့ဗျာ . . .

မနှုတ်ရက်တဲ့ အချစ်ဆူး
တဖြည်းဖြည်းနဲ့တိုးဝင်
နောက်ဆုံးတော့လည်း
နှလုံးသားရဲ့
အနက်ရှိုင်းဆုံးနေရာကို
ရောက်သွားလေမလား . . .