Tuesday, October 30, 2007

ချွှေးတွေရွှဲတဲ့ ဆောင်းမနက်

လောကကြီးကတော့ ပုံမှန်ပဲရွှေ့လျားနေလေရဲ့။ ဘာလိုလိုနဲ့ ဆောင်းတွင်းတောင်
ရောက်ခဲ့ပြီးပေါ့။ ဆောင်းတွင်းရောက်လာတော့ ဆောင်းတွင်းအကြောင်းလေးရေးဖို့
ဆုဝေ ကကျနော့်ကို tag ထားတော့ ဆောင်းတွင်းထဲက ကျနော့်အဖြစ်အပျက်တစ်ခုကို
ပြောပြမယ်။

ကျနော်က နွေ၊ မိုး၊ ဆောင်း တွေထဲမှာ ဆောင်းတွင်းကို အကြိုက်ဆုံးပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဆောင်းတွင်းက စတိုင်လ်ကျတယ်ဗျ။ ဆောင်းတွင်းကချမ်းတော့
ကျနော်တို့ ဘောင်းဘီးရှည်တွေ ပုဆိုးတွေ အနွေးထည်တွေနဲ့အရမ်းကြည့်
လို့ကောင်း တယ်။ နေရထိုင်ရတာလဲ အေးတော့ လန်းဆန်းနေသလိုပဲ ပြီးတော့
ဆောင်းတွင်းမှာ ပွဲတော်တွေကလည်း ခပ်များများရယ်။ ဆောင်းတွင်းက
ကျနော့်ရဲ့အဖြစ်အပျက်တစ်ခုကို ပြောပြီး . . .

ကျနော် ဆယ်ကျော်သက် အရွယ်တုန်းကပေါ့။ ကျနော် ၉ တန်းနှစ်တုန်းကပါ။
ကျနော် အဲဒီအရွယ်တုန်းကဆို အချစ်တွေ မေတ္တာတွေ ဘာကိုမှကောင်းကောင်းမသိပါဘူး။တစ်ကယ်ပါ ယုံတယ်မဟုတ်လား ယုံနော် မုန့်ကျွေးမယ်လေ။ ဒါပေမယ့် ကျနော်က
ငယ်ငယ်ကတည်းက ကဗျာတွေ အချစ်ဿသနတွေ ဖတ်တာ ၀ါတာနာပါတော့
ကဗျာဆန်တဲ့ စကားလုံးလေးတွေ စုဆောင်းမိပါတယ်။ အဲဒီတော့ သူငယ်ချင်းတွေက
ကျနော့်ကို ရည်းစားစာရေးခိုင်းကြတယ်။ ကျနော်က ရည်းစားစာရေးတာ ကောင်းတယ်
လို့သူတို့က ပြောကြတယ်။ တစ်ကယ် ကျနော်ကြွားတာမဟုတ်ဘူး ကျနော်ရေး
ပေးလိုက်ရင် အဆင်ပြေသွားတာများတယ်။ သူများအတွက် ရေးပေးတာပါ
ကျနော့်အတွက် တစ်စောင်မှ မရေးဖြစ်ပါဘူး။

ဒီလိုပါပဲ ကျနော်လည်း သူငယ်ချင်းတွေ စနောက်ရင်းနဲ့ အတန်းထဲက ကောင်မလေး တစ်ယောက်ကို ကြိုက် မိလေရဲ့။ ကျနော်က ကြိုက်တယ်လို့တာ ပြောတယ် တစ်ကယ်
တမ်း ဘာမှမလုပ်ရဲဘူး သူများတွေလို ရည်းစားစာလည်းမပေးရဲဘူး။ သူများတကာတွေ
ကို ဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီး အကြံဥာဏ်တွေပေးပြီး ကိုယ့်အလည့်ကျတော့ ဘာမှမလုပ်ရဲဘူး။

ကျနော် ၉ တန်းတုန်းက သူငယ်ချင်းတွေနဲ့ guide ငှားပြီး စာကျက်ကြတော့ သူငယ်ချင်း အိမ်မှာပဲ အိပ်တာများတယ်။ သူငယ်ချင်းတွေက ကောင်းမလေးကို စကားလိုက်ပြောဖို့အကြံပေးတယ်။ ကျနော်ကမပြောရဲဘူးလို့ပြောတော့ ဒီငတိတွေက မင်းယောက်ျားမဟုတ်ဘူးလား ဒါတောင်မလုပ်ရဲဘူးတဲ့။ ကျနော်လည်း ယောက်ျားမာနကိုထိတော့ဘယ်ခံမလဲ ပြောမယ်ကွာပေါ့။ ဒါနဲ့ ငါက ဘာပြောရမှာလဲလို့ မေးတော့ သူတို့က မင်းသူ့အတွက် ရည်းစားစာရေးထားတယ် မဟုတ်လား အဲအတိုင်းပြောတဲ့။ ဟုတ်ပြီး မနက်ဖြန်မနက် ကောင်မလေး ကျူရှင်အသွားမှာ စကားလိုက်မယ်ဆိုပြီး တစ်ညလုံး စဉ်စားခန်း
ဖွင့်ခဲ့မိလေရဲ့။

မှတ်မှတ်ရရ ဒီဇင်ဘာလထဲက ဆောင်းမနက်ခင်းလေးမှာပေါ့။ မြူနှင်းတွေနဲ့ဆောင်းမနက် ခင်းလေးက တိတ်ဆိတ်စွာ သာယာနေလေတယ်။ စက်ဘီး လေးတစ်စီးနဲ့ သူကျူရှင်သွားမယ့် လမ်းထောင့်လေးတစ်ခုမှာ သူအလာကို ရင်ခုန်စွာနဲ့ စောင့်နေမိတယ်။ ကျနော်ကပဲ စောနေသလား သူကပဲနောက်ကျနေသလားတော့ မသိဘူး တော်တော်နဲ့ ရောက်မလာဘူး။

ချွှေးတွေရွှဲတဲ့ အကြောင်းက အဲဒီမှာစတာ . . .
ကျနော်စောင့်နေတဲ့ လမ်းနားမှ အိမ်တစ်အိမ်က ခွေးသုံးကောင်ထွက်လာတယ်။ ပြီးတော့ ကျနော့်ကိုကြည့်ပြီး ဟောင်ပါလေရော။ တစ်ချို့တွေကပြောကြတယ် ခွေးဟောင်ရင် ပြန်ခြောက်လိုက်တဲ့ ခွေးတွေထွက် သွားလိမ့်မယ် ဆိုပြီး ကျနော်လည်း ပြန်ခြောက်လိုက်တာပေါ့ ဘယ်ကလာ ခွေးတွေက ထွက်မ သွားတဲ့အပြင် ကျနော်ဆီကို ပြေးဝင်လာကြတယ်။ ခွေးတွေထွက်လာတဲ့အိမ်ကို ကြည့်လိုက်တော့ ခွေးကိုက်တတ်သည် ဆိုတဲ့ဆိုင်းပုဒ်ကိုတွေ့တော့ ကျနော်လည်းစက်ဘီးယူပြီး တစ်ချိုးတည်းပြေးတော့တာပေါ့။ ခွေးတွေကလည်း လိုက်တယ်ဟ ကျနော်လည်း နောက်လှည့်မကြည့်ရဲပဲ အားတကုန်နင်းတော့တာပေါ့။

ဘယ်အချိန်မှာ ခွေးတွေပြန်လှည့်သွားလည်းမသိဘူး ကျနော် အိမ်ပြန်ရောက်တော့ တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲလို့ သူများတွေက ချမ်းလို့အနွေးထည်တွေနဲ့ စောင်တွေနဲ့ ကွေး နေတဲ့အချိန်မှာ ကျနော့်မှာအနွေးထည်းလည်းမယူနိုင် ချွေးအရွှဲသားနဲ့ပေါ့။ ကျနော် တစ်ယောက်ထဲ ဒုက္ခရောက်နေတာ ကျနော်ကိုမြှောက်ပေးတဲ့ ဟိုငတိတွေကအိပ်လို့ကောင်း တုန်း သူတို့က နိုးလာတော့ ဘယ်လိုလဲအဆင်ပြေ ခဲ့လား ဘာတွေပြောလိုက်လဲ ကောင်မလေးကရော မင်းကိုဘာပြန်ပြောလဲ ဟာဗျာတစ်ယောက်တစ်ပေါက် မေးနေကြတာကျနော်လည်း ခွေးလိုက်တဲ့အကြောင်း ပြောပြလိုက်တော့ ၀ိုင်းဟားကြလေရောဗျာ။

ကိုယ်ကလိုက်ဖို့သွားတာ ပြန်အလိုက်ခံရတယ် အံ့ရော။ ပြန်တွေးကြည့်ရင် ရယ်စရာပေါ့။ ဒါပေမယ့် အဲဒီအချိန်မှာ ကျနော် ဘယ်ရယ်နိုင်မလဲဗျာ။ ဒီလိုပါပဲ ဆယ်ကျော်သက်အရွယ်ဆိုတော့ ကျနော် အချစ်ဆိုတဲ့ ခံစားချက်တွေကို နားမလည်ပါဘူး ဘာမှန်းလည်းမသိပါဘူး။ သူငယ်ချင်းတွေ မြှောက်လို့သွားတာ တစ်ကယ်တမ်း အဲဒီအချိန်တုန်းက ကျနော်မှာ (၁၅၀၀) အချစ်တွေ မမွေးဖွားရသေးဘူးထင်ပါတယ်။ နောက်တော့လည်း အဲဒီကောင်မလေးနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။

နောက်ဆုံးတော့လည်း ကိုယ့်ခံယူချက်နဲ့ကိုယ် ကိုယ့်ဝါသနာနဲ့ကိုယ် ဆိုတော့ ကိုယ့်လမ်းလျှောက်ကြတာပေါ့။ ကျနော်ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခွဲလာခဲ့တာ အခုဆို အချိန်တွေတော်လေး ကြာညောင်းခဲပြီးပေါ့။ တစ်နေ့တစ်နေ့ တစ်ချိန်တစ်ချိန်မှာတော့ . . .

ကျနော်ရဲ့ ဆောင်းတွင်းအဖြစ်အပျက်လေးကို ဖတ်ပြီးတော့ blogger မောင်နှမများ ပျော်
ရွှင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆောင်းတွင်းလေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

Saturday, October 27, 2007

ကျနော် နေပြန်ကောင်းသွားပါပြီး bogger မောင်နှမတွေ ပေးပို့တဲ့ မေတ္တာကြောင့်ထင်
ပါတယ် ပုံတွေကိုတင်ချင်နေတာ ဆွမ်းကြီးလောင်းတဲ့နေ့ကတည်းကပါ အခုမှတင်ပေး
နိုင်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်။ အချောအလှပုံတွေတော့ ပိုင်ရှင်ဆီမှာ
ခွင့်မတောင်းရသေးတဲ့အတွက် မတင်နိုင်သေးပါ။ ကြွားတာမဟုတ်ဘူး တစ်ကယ်အချောအလှတွေ
(ပုံတွေကိုလိုချင်ပါကယူနိုင်ပါတယ်)
သီတင်းကျွတ်ဆွမ်းကြီးလောင်းပွဲမှာ ရိုက်ထားတဲ့ပုံတွေပါ



ဒါကလက်စမ်းထားတာ

Friday, October 26, 2007

ကျနော့် အခြေအနေ

ကျနော် နေမကောင်းပါ ခေါင်းမူးတယ် ကိုယ်လက်ညောင်းညာတယ် ပြီးတော့ ဘာဖြစ်
နေမှန်း ကျနော်လည်းမသိတော့ဘူး နေမကောင်းတာတော့သေချာတယ်။

အကြောင်းအရင်းကတော့ ဒီလိုဗျ . . . သီတင်းကျွတ် ဆွမ်းကြီးလောင်းပွဲမှာ ဓါတ်ပုံ
လိုက်ရိုက်တာပါ။ ဆွမ်းကြီးလောင်းပွဲက မနက် ၉ နာရီလောက်မှာ စတာပါ။ နေကတော့
ပူသလားမမေးနဲ့ (မပြောပြဘူး) ၉ နာရီ ကနေ ၁၁ နာရီ လောက်အထိ မော်စီတို့
ရုံးကရလာတဲ့ canon ကင်မရာအသစ်ကလေးနဲ့ဆိုတော့ မြောက်ကြွမြောက်ကြွနဲ့ ခေါက်
တုန့်ခေါက်ပြန် မောမှန်းကိုမသိဘူး။ အချောအလှတွေကလည်း များပါ့။ ၁၁ခွဲနာရီ
လောက်မှာ အိမ်ပြန်ရောက်တယ်။ အိမ်ရောက်တော့ ဘာမှမလုပ်နိုင်တော့ဘူး
အိပ်ယာထဲကိုတန်းဒိုးတော့တာပဲ။ အခုတောင်မှ မနည်းကုန်းရုန်းထပြီတော့ဒီပို့စ်ကို
တင်ရတာ အားပေးကြပါအုံးနော် ပို့စ်တင်ပြီး အိပ်တော့မယ်ဗျာ တာ့တာ
အားလုံး မင်္ဂလာညချမ်းပါ . . .

Thursday, October 25, 2007

အသစ်

blogger မောင်နှမတွေ ပျော်ရွှင်ကြလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ ကျနော်ဆီ
လာလည်ကြတဲ့ သူငယ်ချင်းတွေက အသစ်ရေးဖို့ ပြောလာကြတယ်။ အခုတလော အလုပ်ရှုပ်တာလား အရှုပ်လုပ်တာလား ဘာတွေရှုပ်နေမှန်းကို မသိဘူး ကျနော် ကိုယ်တိုင်ကလည်း ဘာရေးရမှန်း စဉ်းစားနေတုန်းဗျ။ ဘာအကြောင်းရေးရင် ကောင်းမလဲပေါ့နော်။ အဲဒါနဲ့ အကြံတစ်ခုရတယ် သူငယ်ချင်းတွေက အသစ်ရေးဖို့ ပြောလာတာဆိုတော့ ရေးတော့မယ်ဗျာ . . . .

အသစ်

ဟဲ ဟဲ အပျော်ပါ အဲပြီးပြီးလေ ဘာလို့ဆက်ဖတ်နေတာလဲ . . .

Sunday, October 21, 2007

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း အဖြစ်လက်ခံထားသည့် ရုရှနိုင်ငံ မော်စကိုမြို့မှ Tsar Kolokol စာကိုလိုကောခေါင်းလောင်းကြီးဖြစ်သည်။ အမြင့် ၁၉' ၃"၊ အ၀န်း ၆၀' ၉"၊ အထူ ၂' ရှိသည်။ ခေါင်း လောင်းသွန်းလုပ်စဉ်က တစ်နေရာပဲ့သွား၍ ပဲ့သွားသည့် အစသည်ပင် အမြင့် ၇'၊ အကျယ် ၈' ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။

မြန်မာ့ စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟု ဖော်ပြပြီး Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ သို့သော် Children Emcyclopacedia အတွဲ (၂)တွင် ၂၁၉ တန် ရှိသည်ဟုဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ခေါင်းလောင်းသည်လည်း မော်စကိုမြို့မှာပင်ရှိ၍ အလေးချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက်တွင် သွန်းလုပ်ခဲ့
သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။

ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့ကခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ယခုအခါ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော စာကိုလိုကော
ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ရှိသည်ကို စိတ်ဝင်စားဖွယ် တွေ့
ရှိရသည်။ ယင်းကာ မွန်ဘာသာအားဖြင့် ' အပိန္နသော်' သို့မဟုတ် ' ဓမ္မစေတီ' ခေါင်း လောင်းပင်ဖြစ်သည်။ ခေါင်းလောင်း၏ဘွဲ့အမည်မှာ မြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။

အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေ စာရင်းကောက်ရန်
တာဝန်ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦးအား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်
များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံးပြုရန် လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများ
ဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူးခန့်၍ ခေါင်းလောင်းသွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း ၈ ရက်
ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်
တော်မူသည်။ သို့သော် ခေါင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲ ရှိခဲ့သည်။

ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏ အမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။ သို့သော်
အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအား လျှောက်၏။ မင်းကြီးက အကြောင်းစုံမေး
မြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်
သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ်ဖြစ်သဖြင့် မိကျောင်းမှာလျှာမရှိ၍ အသံမမြည် နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို ' အပိန္နသော်' ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံ
ရင်ပြင်တွင် ချိတ်ဆွဲထားစေသည်။ ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများ
အနက် ပထမခေါင်းလောင်းဖြစ်သည်။

ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀(တစ်သိန်း
ရှစ်သောင်း)ရှိသည်။ ၄င်းကိုတန်ဖွဲ့ပါက ၂၉၀ တန်ရှိသည်။ ထို့ကြောင့်ဓမ္မစေတီခေါင်း
လောင်းသည် စာကိုလိုကောခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍
ကြီးမားနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ ဒီအတိုင်းဆိုလျှင်ဓမ္မစေတီခေါင်းလောင်း ကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ရပေမည်။

စာကိုလိုကောခေါင်းလောင်းသည် ၁၈ ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး
ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ် သဖြင့် နှစ် ၃၀၀ ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်း
သည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
ရှေးကျပြီး ကြီးကျယ်သော ခေါင်းလောင်းကို သွန်းလုပ်ခဲ့သော မွန်တို့၏ ကြေးသွန်း
အတတ်ပညာမှာ ဂုဏ်ယူဖွယ်ရာ ဖြစ်သည်။

သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်းမလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင်
ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့က ဓမ္မစေတီခေါင်းလောင်းကို အမြောက်သွန်းလုပ်ရန်
ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်း
လောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်း
လောင်း ရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

မွန်တိုင်းရင်းသားတို့၏ လက်ရာဖြစ်သော ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီခေါင်းလောင်းကို
ကမ္ဘာ့အလည် ထည်ထည်ဝါ၀ါ ပြသနိုင်ရန် ခေါင်းလောင်းဆယ်ယူနိုင်ရေးသည် မွန်လူ
မျိုးတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော်ထင်မြင်မိပါသည်။

မှတ်ချက် ။ ။ ဆရာနိုင်ခင်မောင်လေး ရေးသားသော တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏ မြို့ပြနိုင်ငံများ စာအုပ်မှ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကို အကျဉ်းချုပ်၍ ကောက်နုတ်တင်ပြသည်။

Friday, October 19, 2007

အချစ်ကြောင့်တဲ့

တစ်ကယ်တော့ ကျနော်အချစ်ကို ရူးသွပ်ခဲ့တာပါ။ ရူးသွပ်နေမှန်း သိပါလျက်နဲ့
အဲဒီရူးသွပ်မှုကို ထိန်းလို့မရတာ ဘာကြောင့်ပါလိမ့်။ လူနှစ်ယောက်ရဲ့ဆက်ဆံရေး
တစ်ခုဟာ ကြိုးတစ်ချောင်းကို ကိုင်ထားသလိုပါပဲ။ တစ်ယောက်ကဆွဲတဲ့အခါ ကျန်
တစ်ယောက်က အလိုက်သိစွာလျှော့ပေးရမယ်လေ။

နှစ်ယောက်စလုံးဆွဲခဲ့ရင်တော့ ကြိုးကတင်းပြီးပြတ်လိမ့်မယ်။ ပြတ်သွားပြီး ပြန်ဆက်
လို့ရခဲ့ရင်တောင် ဒဏ်ရာတွေရဲ့ အမာရွက်တွေကျန်ခဲ့အုံးမှာပေါ့။ အဲနောက်တစ်ခု
တစ်ယောက်တည်းကပဲ အမြဲတမ်းဆွဲနေမယ်ဆိုရင် ကျန်တစ်ယောက်ကရော အမြဲ
တမ်းလျှော့ပေးနိုင်ပါ့မလား။ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့လူသားပဲဗျာ
အကန့်အသတ်မဲ့ ပေးဆပ်မှုတွေရှိရအောင် ဝေသံဿရာမှ မဟုတ်ပဲနော်။

အချစ်လောကကြီးမှာ ပေးဆပ်ခြင်း၊ ရယူခြင်းတို့ ရှိကြတယ်တဲ့။ လူတိုင်းကတော့
ရယူပိုင်ဆိုင်ချင်ကြမှာပေါ့ အခြေအနေတစ်ခုကြောင့် ပိုင်ဆိုင်ခွင့်မရပဲ ပေးဆပ်လိုက် ရတာပါ။ အဲဒီပိုင်ဆိုင်ခွင့်မရတဲ့ အခြေအနေကို ဘယ်သူတွေက ဖန်တီးခဲ့ပါသလဲ။
ဘယ်သူမပြု မိမိအမှုတဲ့ ရှေးလူကြီးတွေပြောခဲ့တာ စကားပုံတစ်ခု အနေနဲ့ပေါ့။

လူတိုင်းကတော့ ပျော်ရွှင်မှုကိုပဲ နှစ်သက်ကြတာပါ။ ကျနော်ဆို အမြဲတမ်း ပျော်ပျော်ပဲ နေချင်ခဲ့တာ။ ဒါပေမယ့် ကျနော်တို့ သေသေချာချာ စဉ်းစားကြည့်မယ်
ဆိုရင် ၀မ်းနည်းမှုတွေကြောင့် ပျော်ရွှင်မှုတွေက တန်ဖိုးရှိနေတာပါ။ဒုက္ခတွေကြောင့်
သုခတွေ နာမည်ကြီးနေတာပါ။ အကောင်းနဲ့အဆိုးက တစ်အိမ်ထဲမှာ အတူတူနေကြ
တာလေ။ ကျနော်တို့ လူ့လောကကြီးက သူတို့အိမ်ပေါ့။ အဲဒီအိမ်ကို သွားလည်ရင်
အကောင်းရောအဆိုးပါ တွေ့ရမှာပါ။

အချစ်ဆိုတဲ့ခံစားမှုကြောင့် ပျော်ရွှင်မှုတွေရရှိသလို ၀မ်းနည်းမှုတွေနဲ့လည်း ကြုံတွေ့ရမှာပါ။ အချစ်ကြောင့် ရှင်သန်ခဲ့တာရှိသလို အချစ်ကြောင့်ပဲ သေဆုံးနိုင်
ပါတယ်။ အချစ်ကြောင့် အချစ်ကြောင့်တဲ့ . . .

ကျနော့်စိတ်မှာရှိတာတွေကို ရေးခဲ့ခြင်းပါ။ အချိန်ကုန်ခံပြီး လာရောက်ဖတ်ရှု့ပေးတဲ့
blogger ညီအကို မောင်နှမများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Tuesday, October 16, 2007

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့ရက်

ကျနော် မနေ့ကတီဗွီမှာ တိရိစ္ဆာန်များအကြောင်း Discovery ကိုကြည့်ဖြစ်တယ်
အဲဒီမှာ ကျွဲတစ်ကောင်ကို ခြင်္သေ့တစ်စုက ၀ိုင်းတိုက်ခိုက်ကြတာ ကျွဲကလည်း
အထိနာပြီး လဲကျသွားတယ်။ ခဏတော့ ကျွဲအုပ်စုရောက်လာပြီး ခြင်္သေ့တွေကို
ပြန်တိုက်လိုက်တော့ ခြင်္သေ့တွေကနောက်ဆုတ်သွားတယ်။ ခြင်္သေ့တွေကလည်း
သူ့အစာအတွက် တစ်နေရာမှာစောင့်ကြည့်နေကြတယ်။ အထိနာပြီးလဲကျသွား
တဲ့ကျွဲက သေဆုံးသွားသည်အထိ ကျွဲအုပ်စုကမသွားသေးပဲ ကာကွယ်စောင့်
ရှောက်နေကြတယ်။

အဲဒီအဖြစ်အပျက်လေးကိုကြည့်ပြီး ကျနော်တစ်ခုစဉ်းစားမိတယ်။ တိရိစ္ဆာန်တွေ
တောင် သူ့အမျိုးကိုထိရင် မခံနိုင်ပဲကာကွယ်စောင့်ရှောက်နေကြတာ ကျနော်
တို့လူသားတွေ ကိုယ့်အမျိုးကို ဘာလို့မကာကွယ်မစောင့်ရှောက်နိုင်ရမှာလဲ။
ကျနော်တို့မှာ စဉ်းစားတတ်တဲ့ ဦးနှောက်တွေရှိကြတယ် အမှားအမှန်ကိုခွဲခြား
တတ်တဲ့ အသိတရားတွေရှိကြပါတယ်။ ကိုယ့်အမျိုးကို ကိုယ်ချစ်တာ သူများအမျိုးကို မုန်းတာမဟုတ်ပါဘူး၊ ကိုယ့် ဘာသာ စာပေ၊ ယဉ်ကျေးမှု တွေကို
ကာကွယ်စောင့်ရှောက်ထိန်းသိမ်းတာ သူတစ်ပါး ဘာသာ စာပေ၊ ယဉ်ကျေးမှု
တွေကိုနှိပ်ချတာ မဟုတ်ပါဘူး။

ဒါပေမယ့်ဗျာ စိတ်မကောင်းစွာပဲ ကိုယ့် လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု တွေကို မထိန်းသိမ်း မစောင့်ရှောက်တဲ့အပြင် ကိုယ့် ကိုယ်ကျိုးအတွက် လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို ပျက်တုံးအောင်လုပ်နေကြတဲ့လူတစ်စုကြောင့် ရင်နာတယ်ဗျာ ရင်နာရုံမကဘူး အမျိုးပါနာတယ်။

ကိုယ့်လူမျိုးကို ကိုယ်မစောင့်ရှောက်ရင် ဘယ်သူတွေက လာစောင့်ရှောက်မှာလဲ။
တစ်ခြားတိုင်းပြည်က တစ်ခြားလူမျိုးတွေ လာစောင့်ရှောက်ပေးမှာလား? မဖြစ်နိုင်
ပါဘူး အကူအညီပေးတာလောက်ပဲ ဖြစ်နိုင်မှာပါ။ ကိုယ်ကရောတစ်ခြားလူမျိုး တွေကို သွားစောင့်ရှောက်ပေးနိုင်ပါ့မလား? အကူအညီလောက်ပဲ ပေးနိုင်မှာပါ။
အခုလိုအချိန်မှာဆို အကူအညီတောင်ပေးနိုင်မှာ မဟုတ်ဘူး။

ကျနော်လည်း ကိုယ့်လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေကိုစွမ်းနိုင်သလောက်
ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ရဲ့ မျှော်လင့်ချက်
ရည်မှန်းချက်ပန်းတိုင်ကို တစ်နေ့တော့ ရောက်မှာပါ။ ထူးအိမ်သင် သီချင်းထဲကလို
ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့ နေ့ရက်တွေ ကျော်လွန်တဲ့ တစ်နေ့ . . .

Sunday, October 14, 2007

၅၂၈ ၏တန်းခိုးများ

နွေးထွေးသောအပြုံးနဲ့
ဖြူစင်တဲ့မေတ္တာတွေကို
တစ်ရစ်တစ်ပတ်နှောင်ဖွဲ့ရင်း
ထာဝရခိုင်မြဲနေသည်မှာ
ဤ ၅၂၈ မေတ္တာပါ . . .

မာယာများသောဝင်္ကပါမှာ
မျက်စိလည်လမ်းမှားရင်း
ပူလောင်သောနှလုံးသားတွေကို
အေးမြသောမေတ္တာနဲ့
ရွှင်လန်းစေတာ
ဤ ၅၂၈ မေတ္တာပါ . . .

ချစ်ခင်သောမျက်ဝန်းနဲ့
ရှိသမျှလူသားတွေကို
မေတ္တာတွေဝေမျှရင်း
အမုန်းများကင်းနေသည်မှာ
ဤ ၅၂၈ မေတ္တာပါ

ရှုပ်ထွေးသောလောကမှာ
အေးမြသောမေတ္တာပေးရင်း
ရိုင်းလှတဲ့ရန်သူတွေကို
ဤ ၅၂၈ မေတ္တာနဲ့
အနိုင်ယူနိုင်မှာပါ . . .

Wednesday, October 10, 2007

ဒါပေမယ့်

မျက်ရည်ကျတိုင်း ငိုတာ
မဟုတ်သလို
ငိုတိုင်းလည်း မျက်ရည်
မကျပါဘူး . . .
ဒါပေမယ့် ကျနော်
အကြိမ်ပေါင်းမနည်း ငိုခဲ့ဖူးပါတယ် . . .

ပျော်ရွှင်မှုကို ပိုင်ဆိုင်ချင်ရင်တော့
ဝမ်းနည်းမှုတွေနဲ့ နေသားကျအောင်
လေ့ကျင့်ထားသင့်တယ် . . .
ဒါပေမယ့် ကျနော်
ဝမ်းနည်းမှုတွေနဲ့
နေသားမကျသေးဘူး . . .

ခံစားချက် ဒဏ်ရာတွေကို
ပြေပျောက်အောင်
ဒဏ်ရာကနေ အရသာအဖြစ်
ပြောင်းလဲခံစားသင့်တယ်
ဒါပေမယ့် ကျနော်
ပြောင်းလဲ မခံစားတတ်သေးဘူး . . .

မရေရာတဲ့ မနက်ဖြန်
ပေါင်းများစွာကို ရင်ဆိုင်နိုင်ဖို့
ခွန်အားတွေ ရှိနေသင့်တယ်
ဒါပေမယ့် ကျနော်
ရင်ဆိုင်နိုင်လောက်တဲ့
ခွန်အားတွေ မရှိဘူး . . .


ဒါပေမယ့်တွေကို
ကျော်လွှားနိုင်ဖို့အတွက်
အို . . . ဘုရားသခင်
အကျွန်ုပ်သည် . . .
အေးစက်မာကျောသော
အသည်းနှလုံး ပိုင်ရှင်
ဖြစ်ရပါလို၏ . . .

Friday, October 5, 2007

ငရဲပြည်သို့တစ်ခေါက်

ကျနော် အခုတလော သတင်းတွေဖတ်ပြီး မကျေနပ်မှုတွေ ၀မ်းနည်းမှုတွေနဲ့
စိတ်မွန်းကျပ်လွန်းလို့ ထွက်ပေါက်ရှာတဲ့အနေနဲ့ ဟာသလေးတစ်ခု ဖန်တီး
ဖြစ်ပါတယ် . . .။

လွန်ခဲ့တဲ့ရက်အနည်းငယ်က မြန်မာနိုင်ငံဝန်ကြီးချုပ် စိုးဝင်းတစ်ယောက်
ကိစ္စချောသွားပြီးလို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အမှန်တစ်ကယ်တော့
ဝန်ကြီးချုပ်စိုးဝင်းက သတိလစ်သွားတာပါ။ သတိလစ်သွားတော့
ဘယ်ရောက်သွားတယ်မှတ်လဲ . . . သူက နိုင်ငံခြားတိုင်းပြည်
တွေကိုပဲ အလည်အပတ်သွားနေရလို့ ငြီးငွေ့လို့ဆိုပြီး ငရဲပြည်ကို
အလည်အပတ်သွားနေတာပါ . . .။

အဲဒါနဲ့ ငရဲပြည်ကို ရောက်တုန်းရောက်ခိုက် လျှောက်လည်ရင်း တစ်နေရာရောက်တော့
ရေနွေးအိုး ပူပူထဲမှာကူးခက်နေတဲ့ ဗိုလ်ချုပ်နေ၀င်းကို တွေ့သွားတယ်။
အဲဒီတော့ စိုးဝင်းက``ဗိုလ်ချုပ်ကြီး ဒီမှာ ဘာလာလုပ်နေတာလဲ´´
နေ၀င်းက ``အေးကွာ ပြည်သူတွေကိုနှိပ်စက်မိလို့ အခုငါပြန်ခံနေရတာ´´
အဲဒါနဲ့ စိုးဝင်းတစ်ယောက် ကြောက်ဒူးတုန်ရင်း ယမမင်းနဲ့သွားတွေ့ပါတယ်။
ယမမင်းကြီးက `` ဘယ်လိုလဲ စိုးဝင်းရေ မင်းထက်အရင်သွားတဲ့လူတွေကို
တွေ့ခဲ့ ပြီးပြီးလားကွ´´ စိုးဝင်းက တအံ့အသြနဲ့ `` ယမမင်းကြီးက
ကျနော့်ကို သိနေတယ်´´ယမမင်းကြီးက `` ဟ သိတာပေါ့ကွ မင်းက ဒီပဲယင်း
အရေးအခင်းမှာ နာမည်ကြီးလူသတ်ကောင်စိုးဝင်းပဲ မသိပဲနေမလားကွ . . .
ဒီမှာတွေ့လား မင်းရဲ့လုပ်ဆောင်မှုအသေးစိတ်တွေ . . .´´
စိုးဝင်းက မျက်လုံးပြူးလို့ `` ယမမင်းကြီးက ဒါတွေကို ဘယ်ကရတာလဲ ဟင်´´
ယမမင်းကြီးက`` မင်းက ငရဲပြည်ကို ဘာထင်လို့လဲ ငရဲပြည်မှာလဲ
အင်တာနက်ရှိတယ်ကွ လူ့ပြည်မှာလည်းငါ သတင်းထောက်တွေ လွှတ်ထားတယ်
မင်းရဲ့လုပ်ဆောင်မှုတင်မဟုတ်ဘူး မင်းတို့တစ်ဖွဲ့လုံးရဲ့အသေးစိတ်
ဆောင်ရွက်ချက်တွေငါ့မှာရှိတယ်ကွ . . . ´´

စိုးဝင်းက ကြောက်ကြောက်နဲ့ `` ကျနော်တို့ သတင်းတွေဒီလောက်အမှောင်ချထားတာတောင်မှ
ဘယ်လိုလုပ် ပေါက်ကြားသွားတာတုန်းဗျာ´´ ယမမင်းကြီးက `` မင်းတို့ဦးနှောက်က
ချီးဦနှောက်ပဲမင်းတို့သတင်းတွေကို အမှောင်ချဖို့ကြိုးစားနေပေမယ့် မအောင်မြင်ဘူး
မဟုတ်လား . . .ဆန္ဒပြပွဲမှာမင်းတို့ အာဏာရူးတွေ သံဃာတော်နဲ့ပြည်သူတွေကို
ဘယ်လိုရိုက်နှက်သတ်ဖြတ်နေတာကို သတင်းဌာနတွေနဲ့ blogger တွေ
အချိန်မဆိုင်း သတင်းတွေတင်ပြနေတာလေ . . .
အဲဒါကို မင်းတို့ကောင်တွေသိတော့ သတင်းဌာန website နဲ့ blogspot.com ကို
ban ပေမယ့်လည်း ရတဲ့နည်းနဲ့ သတင်းတွေထွက်နေတာပဲ မဟုတ်လား နည်းပညာကို
ဘာနဲ့မှတားဆီးလို့မရဘူးဆိုတာ သိပြီးလား . . .။ မင်းတို့သတင်းတွေ
တစ်ကမ္ဘာလုံးသာမက ငရဲပြည် နတ်ပြည်တွေပါ ပြန့်နေပြီးကွ . . .´´

စိုးဝင်းက တအံ့အသြနဲ့ `` ဟာအဲဒီလောက်တောင်ပဲလား ကျနော်တို့က
အသူမှမသိဘူးလို့ထင်နေတာ . . . ဟာ ဒါဆိုမဖြစ်ဘူး ကျနော့် ဗိုလ်ချုပ်ကြီးကို
သွားတင်ပြရမယ်´´ယမမင်းကြီးက `` အေး မြန်မြန်သွား
မင်းအချိန်မရောက်သေးလို့ ငါပြန်လွှတ်လိုက်မယ် ပြီးတော့ကောင်တာမှာ
မင်းဗိုလ်ချုပ်ကြီးနဲ့ အပေါင်းပါတွေအတွက် ဗိုကင် လုပ်သွားလိုက်
မင်းတို့အတွက်နောက်ဆုံးပေါ် နှိပ်စက်နည်းတွေနဲ့ စောင့်မျှော်နေမယ်´´

စိုးဝင်းလူ့ပြည်ရောက်လို့ သတိပြန်လည်လာပြီး သူ ယမမင်းနဲ့ တွေ့ကြုံခဲ့သမျှကို
သူ့ဗိုလ်ချုပ်ကြီးကိုတင်ပြတော့ ဗိုလ်ချုပ်ကြီးက `` ကြိုင်ကြိုင်ရေ ကယ်ပါအုံး´´
ဆိုပြီး သွေးရူးသွေးတန်းနဲ့ အော်နေလေရဲ့ . . .။

Monday, October 1, 2007

စုစည်းတင်ပြခြင်း



ကိုထိုက်၊ ကိုနစ်နေမန်း၊ ဆုံဆည်းရာ၊ mmedwatch blog တို့မှ ရရှိသော
ဓာတ်ပုံများကို စုစည်းတင်ပြခြင်း ဖြစ်ပါသည်။